သံယုတ္တနိကာယ်—၁၂

၂—အာဟာရဝဂ်

၅—ကစ္စာန ဂေါတ္တသုတ်

၁၅။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်ကစ္စာနဂေါတ္တသည် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား့ “အသျှင်ဘုရား မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ဟူ၍ ဆိုပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်ပါသနည်း”ဟု ဤစကားကို လျှောက်၏။

ကစ္စာန ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏ အဖြစ်ကိုလည်းကောင်း နှစ်ပါးကို မှီ၏။ ကစ္စာန သင်္ခါရလောက၏ ဖြစ်ပေါ်ကြောင်းကိုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ ကစ္စာန သင်္ခါရလောက၏ ချုပ်ငြိမ်းရာကိုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား (သင်္ခါရ) လောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။ ကစ္စာန ဤသတ္တဝါအပေါင်းကို ကပ်ရောက်မှု ‘ဥပယ’၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’၊ နစ်မြုပ်စူးဝင်မှု ‘အဘိနိဝေသ’တို့သည် သတ္တဝါအပေါင်းကို များသောအားဖြင့် နှောင်ဖွဲ့အပ်၏။ ဤအရိယာတပည့်သည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်းရာဖြစ်သော ထိုကပ်ရောက်မှု ‘ဥပယ’၊ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို “ငါ၏ အတ္တတည်း”ဟု မကပ်ရောက်၊ မစွဲလမ်း၊ မဆောက်တည်။ “ဖြစ်ခဲ့သော် ဆင်းရဲသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဆင်းရဲသာ ချုပ်၏”ဟု ယုံမှားမှု မရှိ၊ တွေး တောမှု မရှိ။ ဤအရာ၌ ထိုပုဂ္ဂိုလ်အား သူတစ်ပါးကို အားထား၍ ယုံကြည်သည် မဟုတ်၊ (ကိုယ်တိုင်) သိခြင်းသာ ဖြစ်၏။ ကစ္စာန ဤမျှဖြင့် မှန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏။

ကစ္စာန “အလုံးစုံသည် ရှိ၏”ဟူသော ဤအယူသည် တစ်ခုသော အစွန်းပေတည်း၊ “အလုံးစုံသည် မရှိ”ဟူသော ဤအယူသည်လည်း နှစ်ခုမြောက်ဖြစ်သော အစွန်းပေတည်း။ ကစ္စာန ဤနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့် မြတ်စွာဘုရားသည် တရားဟောတော်မူ၏၊ မသိမှု ‘အဝိဇ္ဇာ’ အကြောင်းခံကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’ အကြောင်းခံကြောင့် သိမှု ‘ဝိညာဏ်’ ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏၊ မသိမှု ‘အဝိဇ္ဇာ’၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့ ချုပ်ခြင်းကြောင့် သိမှု ‘ဝိညာဏ်’ ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။