သံယုတ္တနိကာယ်—၁၂

၂—အာဟာရဝဂ်

၄—ဒုတိယ သမဏ ဗြာဟ္မဏသုတ်

၁၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ မည်သည့် သမဏတို့ဖြစ်စေ၊ မည် သည့် ဗြာဟ္မဏတို့ဖြစ်စေ ဤတရားတို့ကို မသိကုန်၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဤ တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မသိကုန်။

အဘယ်တရားတို့ကို မသိကုန်သနည်း၊ အဘယ်တရားတို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်ကို မသိကုန်သနည်း။ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို မသိကုန်၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။

ပဋိသန္ဓေနေမှု ‘ဇာတိ’ကို။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို။ တပ်မက်မှု ‘တဏှာ’ကို။ ခံစားမှု ‘ဝေဒနာ’ကို။ တွေ့ထိ်မှု ‘ဖဿ’ကို။ တည်ရာ ‘အာယတန’ ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု ‘ဝိညာဏ်’ ကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို မသိကုန်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို မသိကုန်။ ဤတရားတို့ကို မသိကုန်၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို မသိကုန်၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို မသိကုန်၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။

ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ထိုဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ မသမုတ်အပ်ကုန်။ ထိုအသျှင်တို့သည် သမဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း မျက် မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ မည်သည့် သမဏတို့ဖြစ်စေ၊ မည်သည့် ဗြာဟ္မဏတို့ဖြစ်စေ ဤတရားတို့ကို သိကုန်၏၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ဤ တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။

အဘယ်တရားတို့ကို သိကုန်သနည်း၊ အဘယ်တရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်သနည်း၊ အဘယ်တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်သနည်း။ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’ကို သိကုန်၏၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိ ကုန်၏၊ အိုမှု ‘ဇရာ’ သေမှု ‘မရဏ’၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိကုန်၏။

ပဋိသန္ဓေနေမှု ‘ဇာတိ’ကို။ပ။ ဘဝကို။ ပြင်းစွာ စွဲလမ်းမှု ‘ဥပါဒါန်’ကို။ တပ်မက်မှု ‘တဏှာ’ကို။ ခံစားမှု ‘ဝေဒနာ’ကို။ တွေ့ထိ်မှု ‘ဖဿ’ ကို။ တည်ရာ ‘အာယတန’ ခြောက်ပါးကို။ နာမ်ရုပ်ကို။ သိမှု ‘ဝိညာဏ်’ကို။ ပြုစီရင်မှု ‘သင်္ခါရ’တို့ကို သိကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ပြုစီရင်မှု ‘သင်္ခါရ’တို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို သိကုန်၏။ ဤတရားတို့ကို သိကုန်၏၊ ဤတရားတို့၏ ဖြစ်ပေါ်ကြောင်းကို သိကုန်၏၊ ဤ တရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို သိကုန်၏၊ ဤတရားတို့၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို သိကုန်၏။

ရဟန်းတို့ ထိုသမဏတို့ကိုလည်းကောင်း၊ ထိုဗြာဟ္မဏတို့ကိုလည်းကောင်း သမဏတို့၌မူလည်း သမဏဟူ၍ သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ သမုတ်အပ်ကုန်၏။ ထိုအသျှင်တို့ သည် သမဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ဟူသော အကျိုးကိုလည်းကောင်း မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏။

စတုတ္ထသုတ်။