သံယုတ္တနိကာယ်—၁၂
၁-သမဏဗြာဟ္မဏဝဂ်
၁-ဇရာမရဏသုတ်
၇၁။ အကျွနု်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည်။ပ။ ရဟန်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို မသိကုန်၊ အိုခြင်း သေခြင်း၏ အကြောင်းကို မသိကုန်၊ အိုခြင်းသေခြင်း၏ ချုပ်ရာကို မသိကုန်၊ အိုခြင်းသေခြင်း၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို မသိကုန်။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့၌မူလည်း သမဏဟူ၍ မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏအဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူး သောဉာဏ်ဖြင့် မျက်မှောက်ပြုကုန်လျက် ရောက်၍ မနေရကုန်။
ရဟန်းတို့ အကြင်သမဏဗြာဟ္မဏတို့သည် အိုခြင်း 'ဇရာ' သေခြင်း 'မရဏ'ကို သိကုန်၏။ပ။ အကျင့် ကို သိကုန်၏။ ရဟန်းတို့ ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့၌မူလည်း သမဏဟူ၍ သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌မူလည်း ဗြာဟ္မဏဟူ၍ သမုတ်အပ်ကုန်၏၊ ထိုအသျှင်တို့သည်ကား သမဏအဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏအဖြစ်ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။ (သုတ္တန်တစ်ခုတည်း)။
(၁ဝ) ရဟန်းတို့ ဝိညာဏ်ကိုဟုတ်မှန်သောအတိုင်း မသိသူ မမြင်သူသည်။ပ။
ပဌမသုတ်