သံယုတ္တနိကာယ်—၁၄

၁—နာနတ္တဝဂ်

၃—နောဖဿနာနတ္တသုတ်

၈၇။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်၏၊ ဖဿအမျိုးမျိုးကို စွဲ၍ ဓာတ်အမျိုးမျိုး မဖြစ်။ ရဟန်းတို့ ဓာတ်အမျိုးမျိုးဟူသည် အဘယ်နည်း၊ စက္ခုဓာတ်။ပ။ မနောဓာတ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဓာတ်အမျိုးမျိုးဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်သနည်း၊ ဖဿအမျိုးမျိုးကို စွဲ၍ ဓာတ်အမျိုးမျိုး မဖြစ်သနည်း။ ရဟန်းတို့ စက္ခုဓာတ်ကို စွဲ၍ စက္ခုသမ္ဖဿ ဖြစ်၏၊ စက္ခုသမ္ဖဿကို စွဲ၍ စက္ခုဓာတ် မဖြစ်။ပ။ မနောဓာတ်ကို စွဲ၍ မနောသမ္ဖဿ ဖြစ်၏၊ မနောသမ္ဖဿကို စွဲ၍ မနောဓာတ် မဖြစ်။ ရဟန်းတို့ ဤသို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်၏၊ ဖဿ အမျိုးမျိုးကို စွဲ၍ ဓာတ်အမျိုးမျိုး မဖြစ်ဟု (မိန့်တော်မူ၏)။

တတိယသုတ်။