သံယုတ္တနိကာယ်—၁၄

၄—စတုတ္ထဝဂ်

၈—သမဏဗြာဟ္မဏသုတ်

၁၂၁။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဤဓာတ်တို့သည် ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤဓာတ်လေးမျိုးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်သော အတိုင်း မသိကုန်သော သမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏ၏အဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏ၏အဖြစ်ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ မနေရကုန်။

ရဟန်းတို့ ဤဓာတ်လေးပါးတို့၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက့်မြောက်ကြောင်းကိုလည်းကောင်းဟုတ်မှန်သောအတိုင်း သိကုန်သော သမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏၊ ထိုအသျှင်တို့ သည် သမဏ၏ အဖြစ်ကိုလည်းကောင်း၊ ဗြာဟ္မဏ၏ အဖြစ်ကိုလည်းကောင်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်၏ဟု (ဟောတော်မူ၏)။

အဋ္ဌမသုတ်။