သံယုတ္တနိကာယ်—၁၇
၁—ပဌမဝဂ်
၁—ဒါရုဏသုတ်
၁၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော်မူ၏၊ “အသျှင်ဘုရား”ဟူ၍ ထိုရဟန်းတို့သည့်မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
“ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်— “ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော် အစောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောသည်လည်း ငါတို့၏ ကုသိုလ် စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ပဌမသုတ်