သံယုတ္တနိကာယ်—၁၇
၁—ပဌမဝဂ်
၂—ဗဠိသသုတ်
၁၅၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက် မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြု တတ်၏၊ ရဟန်းတို့ ဥပမာသော်ကား တံငါသည်သည် အစာတပ်သော ငါးမျှားချိတ်ကို နက်သော ရေအိုင်၌ ပစ်ချရာ၏၊ အစာကို မြင်သော ငါးသည် ငါးမျှားချိတ်ကို မျိုရာ၏၊ ရဟန်းတို့ တံငါသည်၏ ငါးမျှားချိတ်ကို မျိုမိသော ထိုငါးသည် ဆင်းရဲခြင်း , ပျက်စီးခြင်းသို့ ရောက်၏၊ တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်၏။
ရဟန်းတို့ “တံငါသည်”ဟူသော ဤအမည်သည် ယုတ်ညံ့သော ကိလေသာမာရ်၏ အမည်တည်း။ ရဟန်းတို့ “ငါးမျှားချိတ်”ဟူသော ဤအမည်သည် လာဘ်ပူဇော်သကာ အကျော်အစော၏ အမည်တည်း။ ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့် ရဟန်းကို မဆို “ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည်ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်သူ , ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်သူ ရဟန်း”ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ဤသို့ ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည် — “ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်စောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောသည် ငါတို့၏ စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
ဒုတိယသုတ်။