သံယုတ္တနိကာယ်—၁၇
၁—ပဌမဝဂ်
၄—ဒိဃလောမိကသုတ်
၁၆ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။ ရဟန်းတို့ ဥပမာသော်ကား ရှည်သော အမွေးရှိသော သိုးသည် ဆူးချုံသို့ ဝင်ရာ၏၊ ထိုသိုးသည် ထိုထိုအရပ်၌ ငြိရာ၏၊ ထိုထိုအရပ်၌ စွဲယူရာ၏၊ ထိုထိုအရပ်၌ နှောင်ဖွဲ့ရာ၏၊ ထိုထိုအရပ်၌ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ နံနက်အခါ၌ ကောင်းစွာ ဝတ်ရုံလျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းအလို့ငှါ ဝင်၏။ ထိုရဟန်းသည် ထိုထိုအရပ်၌ ကပ်ငြိ၏၊ ထိုထိုအရပ်၌ စွဲယူ၏၊ ထိုထိုအရပ်၌ နှောင်ဖွဲ့၏၊ ထိုထိုအရပ်၌ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။
စတုတ္ထသုတ်။