သံယုတ္တနိကာယ်—၁၇

၁—ပဌမဝဂ်

၃—ကုမ္မသုတ်

၁၅၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တစ်ခုသော ရေအိုင်၌ လိပ်ကြီးမျိုးသည် ကြာမြင့်စွာ နေလေ့ရှိ၏၊ ရဟန်းတို့ ထိုအခါ၌ လိပ်တစ်ကောင်သည် လိပ်တစ်ကောင်အား “အမောင် လိပ် သင်သည် ထိုအရပ်သို့ မသွားလင့်”ဟု ဆို၏၊ ရဟန်းတို့ ထိုလိပ်သည် ထိုအရပ်သို့ သွားသည်သာ လျှင်တည်း၊ ထိုသွားသော လိပ်ကို မုဆိုးသည် ကြိုးရှည်ရှည် တပ်ထားသော မှိန်းဖြင့် ထိုးပစ်လိုက်၏၊ ရဟန်းတို့ ထိုအခါ လိပ်သည် ထိုဆုံးမသော လိပ်ထံသို့ ချဉ်းကပ်လာ၏၊ ထိုဆုံးမသော လိပ်သည် ထို အထိုးခံရသော လိပ်လာသည်ကို အဝေးမှ မြင်လျှင် “အမောင်လိပ် အသို့နည်း၊ သင်သည် ထိုအရပ်သို့ သွားခဲ့ပြီလော”ဟု ဆို၏၊ အမောင်လိပ် ငါသည် ထိုအရပ်သို့ သွားခဲ့မိ၏၊ အမောင်လိပ် အသို့နည်း၊ သင်သည် အထိုးမခံရ အသတ်မခံရသလော၊ အမောင်လိပ် အထိုးမခံရ အသတ်မခံရပါ၊ သို့သော်လည်း့ငါ၏ နောက်မှ နောက်မှ အစဉ်လိုက်သော ဤကြိုးငယ်သည် ရှိပါသည်ဟု ဆို၏၊ အမောင်လိပ် စင်စစ် သင့်ကို မှိန်းဖြင့် ထိုးမိ၏၊ စင်စစ် အသတ်ခံရ၏၊ အမောင်လိပ် ဤကြိုးဖြင့် သင်၏ အဖတို့သည်လည်းကောင်း၊ အဖိုးတို့သည်လည်းကောင်း ဆင်းရဲခြင်း , ပျက်စီးခြင်းသို့ ရောက်ခဲ့ကုန်၏၊ အမောင်လိပ် ယခုပင် သင် သွားလော့၊ ယခုအခါ သင်သည် ငါတို့၏ အပေါင်းအဖော် မဟုတ်တော့ပြီဟု ဆို၏။

ရဟန်းတို့ “မုဆိုး”ဟူသော ဤအမည်သည် ယုတ်မာသော ကိလေသာမာရ်၏ အမည်တည်း။ ရဟန်းတို့ “ကြိုးရှည်ရှည် တပ်ထားသော မှိန်း”ဟူသော ဤအမည်သည် လာဘ်ပူဇော်သကာ အကျော် အစော၏ အမည်တည်း။ ရဟန်းတို့ “ကြိုး”ဟူသော ဤအမည်သည် နှစ်သက်စွဲမက်ခြင်း ‘နန္ဒီရာဂ’၏ အမည်တည်း။ ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့် ရဟန်းကို မဆို “ကြိုးရှည်ရှည် တပ်ထားသော မှိန်းဖြင့် စူးဝင်သည် ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်သူ , ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း အပြုခံရသူ ရဟန်း”ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

တတိယသုတ်။