သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၁—အဋ္ဌိသုတ်
၂ဝ၂။ အကျွန်ုပ်သည် ဤသို့ ကြားနားခဲ့ရပါသည်၊ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်လက္ခဏနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေကြကုန်၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် အသျှင်လက္ခဏထံသို့ ချဉ်းကပ်၍ အသျှင်လက္ခဏအား “ငါ့သျှင်လက္ခဏ လာသွားကြစို့ ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံဝင်ကုန်အံ့”ဟု ပြောဆို၏၊ “ကောင်းပြီ ငါ့သျှင်”ဟု အသျှင်လက္ခဏသည် အသျှင်မဟာမောဂ္ဂလာန် အား ပြန်လျောက်၏၊ ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် နေရာ တစ်ခု၌ ပြုံးတော်မူ၏၊ ထိုအခါ အသျှင်လက္ခဏသည် အသျှင်မဟာမောဂ္ဂလာန်အား “ငါ့သျှင်မောဂ္ဂလာန် ပြုံးရယ်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏၊ ငါ့သျှင်လက္ခဏ ဤ ပြဿနာကို ဖြေခြင်းငှါ အခါ မဟုတ်သေး၊ မြတ်စွာဘုရား၏ အထံ၌ ငါ့အား ဤပြဿနာကို မေးပါဟု ပြောဆို၏။
ထို့နောက် အသျှင်လက္ခဏနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ဖဲခွါလာကြပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော် အသျှင်လက္ခဏသည် အသျှင်မဟာမောဂ္ဂ လာန်အား “အသျှင်မောဂ္ဂလာန်သည် ဂိဇ္ဈ ကုဋ်တောင်မှ ဆင်းသက်လတ်သော် နေရာတစ်ခု၌ ပြုံးတော်မူ၏၊ ငါ့သျှင်မောဂ္ဂလာန် ပြုံးရယ်ခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း”ဟု မေးလျှောက်၏။
ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရိုးစုပြိတ္တာကို မြင်ရ၏၊ ထိုအရိုးစုပြိတ္တာကို လင်းတ , ကျီးငှက် , စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏၊ ငါ့သျှင် ထိုငါ့အား “အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အတ္တဘောကို ရသူဟု ရှိရတုံဘိ၏ဟု အကြံ ဖြစ်ခဲ့ပါသည်ဟု ပြော ဆို၏။
ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏ — “ရဟန်းတို့ တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင်ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ တပည့်သာဝကတို့သည် ဉာဏ် အမြင်ရှိသည် ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝကစင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။
ရဟန်းတို့ ရှေးကပင် ထိုသတ္တဝါကို ငါ မြင်ခဲ့ဖူးပြီ၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည့်ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ငါ့ကို မယုံကြည်သူတို့ အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏။ ရဟန်းတို့ ထိုသတ္တဝါသည် ရာဇဂြိုဟ်ပြည်၌ပင် နွားသတ်သမား ဖြစ်ခဲ့ဖူးပြီ၊ ထိုသတ္တဝါသည် ထိုကံ၏ အကျိုးဖြင့် များစွာသော နှစ်တို့ပတ်လုံး များစွာသော နှစ်အရာတို့ပတ်လုံး များစွာသော နှစ်အထောင်တို့ ပတ်လုံး များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့၍ ထိုကံ၏ အကျိုးကြွင်းဖြင့်လျှင် ဤသို့သော အတ္တဘောကို ရရှိခံစားနေရ၏”ဟု (ဟောတော်မူ၏)။
[အလုံးစုံသော သုတ်တို့၌ ပေယျာလဟူသမျှကို ဤနည်းအတိုင်းချဲ့လေ]။
ပဌမသုတ်။