သံယုတ္တနိကာယ်—၂ဝ

၁ဝ—ဗိဠာရသုတ်

၂၃၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရဟန်းတစ်ပါးသည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ လှည့်လည်၏၊ ထိုရဟန်းကို “အသျှင်သည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ မလှည့်လည်ပါလင့်”ဟု ရဟန်းတို့ ပြောဆိုကုန်၏။ ရဟန်းတို့က ပြောဆိုအပ်သော်လည်း ထိုရဟန်းသည် မရှောင်ကြဉ်၊ ထိုအခါ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုး ကုန်လျှက် တစ်ခုသော နေရာ၌ ထိုင်နေကုန်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏— “အသျှင်ဘုရား ရဟန်းတစ်ပါးသည် အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ လှည့်လည်ပါ၏၊ ထို ရဟန်းကို ‘အသျှင်သည့်အလွန်အချိန်ကြာမြင့်စွာ ဒါယကာအိမ်တို့၌ မလှည့်လည်ပါလင့်’ဟု ဆိုကြပါကုန်၏၊ ရဟန်းတို့က ဆိုဆုံးမအပ်သော်လည်း ထိုရဟန်းသည် မရှောင်ကြဉ်ပါ”ဟု လျှောက်ကုန်၏။

ရဟန်းတို့ ရှေးကဖြစ်ဖူးသည်ကား ကြောင်သည် “ဤကြွက်ငယ်သည် အကြင်အခါ အစာရှာရန် ထွက်လာလတ္တံ့၊ ထိုအခါ ထိုထွက်လာရာ အရပ်၌ပင် ထိုကြွက်ငယ်ကို ဖမ်း၍ စားအံ့”ဟု ကြွက်ငယ်ကို ရှာသည်ဖြစ်၍ အိမ်ခြံစပ် အညစ်အကြေးရှိရာ အမှိုက်ပုံ၌ ရပ်တည်နေ၏၊ ရဟန်းတို့ ထိုအခါ၌ ထိုကြွက် ငယ်သည် အစာရှာရန် သွား၏၊ ထိုကြွက်ငယ်ကို ကြောင်သည် ဖမ်းယူလျက် ကောင်းစွာ မစားဘဲ အဆော တလျင် မျိုချလိုက်၏၊ ထိုကြွက်ငယ်သည် ထိုကြောင်၏ အူမကိုလည်းကောင်း၊ အူသိမ်ကိုလည်းကောင်း ကိုက်ခဲ၏။ ထိုကြောင်သည် ထိုအကြောင်းကြောင့် သေခြင်းသို့လည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။

ရဟန်းတို့ ဤအတူသာလျှင် အချို့သော ရဟန်းတို့သည် နံနက်အခါ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ဆောင်ယူပြီးလျှင် မစောင့်စည်းသောကိုယ် မစောင့်စည်းသောနှုတ် မစောင့်စည်းသောစိတ် မထင်သော သတိ မပိတ်ဆို့အပ်ကုန်သော ဣန္ဒြေတို့ဖြင့် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်၏။ ထို ရဟန်းသည် ထိုရွာ၌ မလုံမလဲ ဝတ်ရုံသော မာတုဂါမကို မြင်ရသောကြောင့် တပ်စွန်းခြင်း ‘ရာဂ’သည် ထို ရဟန်း၏ စိတ်ကို ဖျက်ဆီး၏၊ ထိုရဟန်းသည် တပ်စွန်းခြင်း ‘ရာဂ’ ဖျက်ဆီးအပ်သော စိတ်ဖြင့် သေခြင်း သို့လည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့လည်း ရောက်ရာ၏။ ရဟန်းတို့ အကြင် ရဟန်းသည် သိက္ခာချ၍ လူထွက်၏၊ ထိုရဟန်း၏ ဤလူထွက်ခြင်းသည် အရိယာ၏ အဆုံးအမ၌ သေသည်မည်၏၊ ရဟန်းတို့ ဝုဋ္ဌာနကံ သံဃာဒိသိသ်အာပတ်တို့တွင် တစ်ပါးပါး သော ညစ်နွမ်းသော အာပတ်သို့ ရောက်ခြင်းသည် သေလောက်သော ဆင်းရဲမည်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “စောင့်စည်း အပ်သောကိုယ် စောင့်စည်းအပ်သောနှုတ် စောင့်စည်းအပ်သောစိတ် ထင်သော သတိ ပိတ်ဆို့အပ်သော ဣန္ဒြေတို့ဖြင့် ရွာသို့ဖြစ်စေ၊ နိဂုံးသို့ဖြစ်စေ ဆွမ်းခံဝင်ကုန်အံ့”ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (ဟောတော်မူ၏)။

ဒသမသုတ်။