သံယုတ္တနိကာယ်—၂၂
(၁၃) ၃—အဝိဇ္ဇာဝဂ်
၂—ဒုတိယ သမုဒယဓမ္မသုတ်
၁၂၇။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည်ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်အသျှင်သာရိပုတြာအား— “ငါ့သျှင် သာရိပုတြာ ‘အဝိဇ္ဇာ အဝိဇ္ဇာ’ဟု ဆိုအပ်၏၊ အဘယ်သည် အဝိဇ္ဇာမည်ပါသနည်း၊ အဘယ်မျှ လောက်ဖြင့်လည်း အဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု ( ဤစကားကို့လျှောက်၏)။
ငါ့သျှင် ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ဖြစ်ခြင်းသဘောရှိသော ရုပ်ကို “ဖြစ်ခြင်းသဘောရှိသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ၊ ပျက်ခြင်းသဘောရှိသော ရုပ်ကို။ပ။ “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ဖြစ်ခြင်းသဘောရှိသော ဝေဒနာကို။ပ။ ပျက်ခြင်းသဘောရှိသော ဝေဒနာကို။ပ။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝေဒနာကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝေဒနာ”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ဖြစ်ခြင်းသဘောရှိသော သညာကို။ပ။ ဖြစ်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို။ပ။ ပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို။ပ။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိကုန်သောသင်္ခါရတို့ကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော သင်္ခါရတို့”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ဖြစ်ခြင်းသဘောရှိသော ဝိညာဏ်ကို။ပ။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝိညာဏ်ကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသောဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ မသိ။ ငါ့သျှင် ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်းအဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။