သံယုတ္တနိကာယ်—၂၂
(၁၃) ၃—အဝိဇ္ဇာဝဂ်
၃—တတိယ သမုဒယဓမ္မသုတ်
၁၂၈။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ တစ်ခုသော နေရာ၌ ထိုင်နေသောအသျှင်မဟာ ကောဋ္ဌိကသည် အသျှင်သာရိပုတြရာအား “ငါ့သျှင်သာရိပုတြာ ‘ဝိဇ္ဇာ ဝိဇ္ဇာ ‘ဟု ဆိုအပ်၏၊ အဘယ်သည် ဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ငါ့သျှင် ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ဖြစ်ခြင်းသဘောရှိသော ရုပ်ကို”ဖြစ်ခြင်းသဘောရှိသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏၊ ပျက်ခြင်းသဘောရှိသော ရုပ်ကို။ပ။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ရုပ်ကို “ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ရုပ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ဖြစ်ခြင်းသဘောရှိသော ဝေဒနာကို။ပ။ ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝေဒနာကို။ပ။ ဖြစ်ခြင်းသဘောရှိသော သညာကို။ပ။ ဖြစ်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို။ ပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို။ ဖြစ် ခြင်းပျက်ခြင်းသဘောရှိကုန်သော သင်္ခါရတို့ကို”ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော သင်္ခါရတို့”ဟုဟုတ်တိုင်း မှန်စွာ သိ၏။ ဖြစ်ခြင်းသဘောရှိသောဝိညာဏ်ကို။ ပျက်ခြင်းသဘောရှိသော ဝိညာဏ်ကို။ ဖြစ်ခြင်း ပျက်ခြင်းသဘောရှိသော ဝိညာဏ်ကို”ဖြစ်ခြင်းပျက်ခြင်းသဘောရှိသော ဝိညာဏ်”ဟုဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤသည်ကို ဝိဇ္ဇာဟုဆိုအပ်၏၊ ဤမျှဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော် မူ၏)။
တတိယသုတ်။