သံယုတ္တနိကာယ်—၂၂
(၁၃) ၃—အဝိဇ္ဇာဝဂ်
၈—ကောဋ္ဌိကသုတ်
၁၃၃။ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါအသျှင်သာရိပုတြာသည် ညချမ်းအခါ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတြာသည်အသျှင်မဟာကောဋ္ဌိကအား—“ငါ့သျှင်ကောဋ္ဌိက ‘အဝိဇ္ဇာ အဝိဇ္ဇာ’ဟု ဆိုအပ်၏၊ အဘယ်သည် အဝိဇ္ဇာမည် ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း အဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။
ငါ့သျှင် ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ရုပ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ဝေဒနာ၏။ သညာ၏။
သင်္ခါရတို့၏။ ဝိညာဏ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ငါ့သျှင် ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း အဝိဇ္ဇာသို့ရောက်သူ ဖြစ်၏။
ဤသို့ ဆိုသည်ရှိသော် အသျှင်သာရိပုတြာသည် အသျှင်မဟာကောဋ္ဌိကအား—“ငါ့သျှင်ကောဋ္ဌိက ဝိဇ္ဇာဝိဇ္ဇာဟု ဆိုအပ်၏။ ငါ့သျှင် ဝိဇ္ဇာဟူသည် အဘယ်နည်း၊ အဘယ်မျှဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (မိန့်ဆို၏)။
ငါ့သျှင် ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ဝေဒနာ၏။ သညာ၏။
သင်္ခါရတို့၏။ ဝိညာဏ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤသည်ကို ဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်းဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။