သံယုတ္တနိကာယ်—၂၂

(၁၃) ၃—အဝိဇ္ဇာဝဂ်

၉—ဒုတိယ ကောဋ္ဌိကသုတ်

၁၃၄။ ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကုန်၏။ပ။ “ငါ့သျှင်ကောဋ္ဌိက ‘အဝိဇ္ဇာ အဝိဇ္ဇာ ‘ဟု ဆိုအပ်၏၊ အဘယ်သည် အဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း အဝိဇ္ဇာသို့ ရောက်သူ ဖြစ်ပါသနည်း”ဟု (လျှောက်၏)။

ငါ့သျှင် ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ရုပ်၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ငါ့သျှင် ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း အဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏။

ဤသို့ ဆိုသည်ရှိသော် အသျှင်သာရိပုတြာသည် အသျှင်မဟာကောဋ္ဌိကအား “ငါ့သျှင်ကောဋ္ဌိက ‘ဝိဇ္ဇာဝိဇ္ဇာ ‘ဟု ဆိုအပ်၏၊ အဘယ်သည် ဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူဖြစ်ပါသနည်း”ဟု ( ဤစကားကို လျှောက်၏)။

ငါ့သျှင် ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကို့လည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ငါ့သျှင် ဤသည်ကို ဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။