သံယုတ္တနိကာယ်—၂၂

(၁၃) ၃—အဝိဇ္ဇာဝဂ်

၁ဝ—တတိယ ကောဋ္ဌိကသုတ်

၁၃၅။ ထို (ဗာရာဏသီပြည်) ပင်လျှင် နိဒါန်းတည်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်သာရိပုတြာသည် အသျှင်ကောဋ္ဌိကအား— “ငါ့သျှင်ကောဋ္ဌိက ‘အဝိဇ္ဇာ အဝိဇ္ဇာ’ဟု ဆိုအပ်၏၊ အဘယ်သည် အဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း အဝိဇ္ဇာသို့ ရောက်သူဖြစ်ပါသနည်း”ဟု ( ဤစကားကို လျှောက်၏)။

ငါ့သျှင် ဤလောက၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ရုပ်ကို မသိ၊ ရုပ်ဖြစ်ပေါ်ကြောင်းကို မသိ၊ ရုပ်ချုပ်ရာကို မသိ၊ ရုပ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိ။ ဝေဒနာကို မသိ။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို မသိ၊ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို မသိ၊ ဝိညာဏ်ချုပ်ရာကို မသိ၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကို မသိ။ ငါ့သျှင် ဤသည်ကို အဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်းအဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏။

ဤသို့ ဆိုသည်ရှိသော် အသျှင်သာရိပုတြာသည် အသျှင်မဟာကောဋ္ဌိကအား— “ငါ့သျှင် ကောဋ္ဌိက’ ဝိဇ္ဇာ ဝိဇ္ဇာ ‘ဟု ဆိုအပ်၏၊ အဘယ်သည် ဝိဇ္ဇာ မည်ပါသနည်း၊ အဘယ်မျှလောက်ဖြင့်လည်း ဝိဇ္ဇာသို့ရောက်သူ ဖြစ်ပါသနည်း”ဟု ဤစကားကို လျှောက်၏။ ငါ့သျှင် ဤလောက၌ အကြားအမြင်ရှိသောအရိယာတပည့်သည် ရုပ်ကို သိ၏၊ ရုပ်ဖြစ်ပေါ်ကြောင်းကို သိ၏၊ ရုပ်ချုပ်ရာကို သိ၏၊ ရုပ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဝေဒနာကို သိ၏။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို သိ၏၊ ဝိညာဏ်ဖြစ်ပေါ်ကြောင်းကို သိ၏၊ ဝိညာဏ်ချုပ်ရာကို သိ၏၊ ဝိညာဏ်ချုပ်ရာသို့ ရောက်ကြောင်းအကျင့်ကိုသိ၏။ ငါ့သျှင် ဤသို့ သိခြင်းကို ဝိဇ္ဇာဟု ဆိုအပ်၏၊ ဤမျှဖြင့်လည်း ဝိဇ္ဇာသို့ ရောက်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သုံးခုမြောက် အဝိဇ္ဇာဝဂ် ပြီး၏။