သံယုတ္တနိကာယ်—၂၂
(၁၄) ၄—ကုက္ကုဠဝဂ်
၁—ကုက္ကုဠသုတ်
၁၃၆။ သာဝတ္ထိနိဒါန်း။ ရုပ်သည် ပြာပူနှင့် တူ၏၊ ဝေဒနာသည် ပြာပူနှင့် တူ၏၊ သညာသည် ပြာပူနှင့်တူ၏၊ သင်္ခါရတို့သည် ပြာပူနှင့် တူကုန်၏၊ ဝိညာဏ်သည် ပြာပှူနှင့် တူ၏၊ ရဟန်းတို့ ဤသို့ မြင်သောအကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏။ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာ) မှ လွတ်မြာက်၏၊ (ကိလေသာမှ) လွတ်မြောက်သော်”လွတ်မြောက်ပြီ”ဟု အသိဉာဏ်သည် ဖြစ်၏။ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။