သံယုတ္တနိကာယ်—၂၂
၃—ဘာရဝဂ်
၁၁—ပဘင်္ဂုသုတ်
၃၂။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ပျက်စီးခြင်းတရားကိုလည်းကောင်း၊ မပျက်စီးခြင်းတရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။
ရဟန်းတို့ ပျက်စီးခြင်းတရားဟူသည် အဘယ်နည်း၊ မပျက်စီးခြင်း တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ ရုပ်သည် ပျက်စီးခြင်းတရား မည်၏၊ ထိုရုပ်၏ ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည်မပျက်စီးခြင်းတရား မည်၏။ ခံစားမှု”ဝေဒနာ”သည် ပျက်စီးခြင်းတရား မည်၏။ ထိုခံစားမှု ဝေဒနာ၏ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည် မပျက်စီးခြင်းတရား မည်၏။ မှတ်သားမှု “သညာ”သည် ပျက်စီးခြင်းတရား မည်၏။ ပြုပြင်မှု “သင်္ခါရ”တို့သည် ပျက်စီးခြင်းတရား မည်ကုန်၏။ ထိုပြုပြင်မှု”သင်္ခါရ”တို့၏ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည် မပျက်စီးခြင်းတရား မည်၏။ ဝိညာဏ်သည် ပျက်စီးခြင်းတရားမည်၏၊ ထိုဝိညာဏ်၏ ချုပ်ခြင်း ငြိမ်းခြင်း မဖြစ်ပေါ်ခြင်းသည် မပျက်စီးခြင်းတရား မည်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
သုံးခုမြောက် ဘာရဝဂ် ပြီး၏။