သံယုတ္တနိကာယ်—၂၂

၄—နတုမှာကဝဂ်

၁—နတုမှာကသုတ်

၃၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုတရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ရဟန်းတို့ သင်တို့၏ဥစ္စာမဟုတ်သော တရားကား အဘယ်နည်း၊ ရဟန်းတို့ ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်ကို ပယ်ကြကုန်လော့၊ ထိုရုပ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သညာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုသညာကို ပယ်ကြကုန်လော့၊ ထိုသညာကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သင်္ခါရတို့သည် သင်တို့၏ ဥစ္စာမဟုတ်ကုန်၊ ထိုသင်္ခါရတို့ကို ပယ်ကြကုန်လော့၊ ထိုသင်္ခါရတို့ကို ပယ်သည်ရှိသော်သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ ဝိညာဏ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ ဥပမာသော်ကား ဤဇေတဝန်ကျောင်း၌ မြက် ထင်း သစ်ခက် သစ်ရွက်ကို လူအပေါင်းသည် ယူဆောင်လျှင်ဖြစ်စေ၊ မီးရှို့လျှင်ဖြစ်စေ၊ အလိုရှိတိုင်း ပြုလျှင်ဖြစ်စေ “ငါတို့ကို လူအပေါင်းသည်ယူ ဆောင်၏ဟူ၍လည်းကောင်း၊ မီးရှို့၏ဟူ၍လည်းကောင်း၊ အလိုရှိတိုင်းပြု၏ “ဟူ၍လည်းကောင်းသင်တို့အား ဤသို့သော အထင်သည် ဖြစ်ရာသလော။ မဖြစ်ရာပါ အသျှင်ဘုရား။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် အကျွန်ုပ်တို့၏ကိုယ်လည်း မဟုတ်ပါ၊ ကိုယ်ပိုင်ဥစ္စာလည်း မဟုတ်ပါဟုလျှောက်ကုန်၏။

ရဟန်းတို့ ဤအတူ ရုပ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုရုပ်ကို ပယ်ကြကုန်လော့၊ ထိုရုပ်ကိုပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ ဝေဒနာသည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ သညာသည် သင်တို့၏ ဥစ္စာမဟုတ်။ သင်္ခါရတို့သည် သင်တို့၏ ဥစ္စာမဟုတ်ကုန်။ ဝိညာဏ်သည် သင်တို့၏ ဥစ္စာမဟုတ်၊ ထိုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွားခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။