သံယုတ္တနိကာယ်—၂၂

၅—အတ္တဒီပဝဂ်

၆—ခန္ဓသုတ်

၄၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း၊ ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟု ဆိုအပ်၏။ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော။ပ။ ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးကို သင်္ခါရက္ခန္ဓာဟု ဆိုအပ်၏။ အတိတ်အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သော အယုတ်အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏက္ခခန္ဓာဟု ဆိုအပ်၏။

ရဟန်းတို့ ဤတရားတို့ကို ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ — ရဟန်းတို့ အာသဝေါ၏ အာရုံ ဖြစ်၍ စွဲလမ်းအပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ အာသဝေါ၏ အာရုံဖြစ်၍ စွဲလမ်းအပ်သော။ပ။ အဝေး အနီးလည်းဖြစ်သော ဝေဒနာအားလုံးကို ဝေဒနုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ အာသဝေါ၏ အာရုံဖြစ်၍ စွဲလမ်းအပ်သော။ပ။ အဝေး အနီးလည်းဖြစ်သော သညာအားလုံးကို သညုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ အာသဝေါ၏အာရုံဖြစ်၍ စွဲလမ်းအပ်သော အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သောဝိညာဏ်အားလုံးကို ဝိညာဏုပါဒါနက္ခန္ဓာဟု ဆိုအပ်၏။ ရဟန်းတို့ ဤတရားတို့ကို ဥပါဒါနက္ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။