သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၉—ရာဓသုတ်

၇၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ အသျှင်ရာဓသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤစကားကိုလျှောက်၏— “အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်း ကောင်း၊ အပဖြစ်သော အာရုံအားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’ ငါ့ဥစ္စာဟုတပ်မက်မှု’တဏှာ’ ထောင်လွှားမှု ‘မာနာနုသယ’ တို့သည် မဖြစ်ပါကုန်သနည်း “ဟု လျှောက်၏။ ရာဓအတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သောအယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို “ ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာမှန်ကန်သော ပညာဖြင့် ရှု၏၊ အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေးအနီးလည်းဖြစ်သော ဝေဒနာ။ သညာ။ သင်္ခါရ။ ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ မဟုတ်၊ ဤ ဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၏။ ရာဓ ဤသို့ သိသူ ဤသို့ မြင်သူအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သော အာရုံ အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’ ငါ့ဥစ္စာဟုတပ်မက်မှု’တဏှာ’ ထောင်လွှားမှု ‘မာနာနုသယ’ တို့သည် မဖြစ်ကုန်။ပ။ အသျှင်ရာဓသည်ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

နဝမသုတ်။