သံယုတ္တနိကာယ်—၂၂

(၇) ၂—အရဟန္တဝဂ်

၁ဝ—သုရာဓသုတ်

၇၂။ ထိုအခါ အသျှင်သုရာဓသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏— “အသျှင်ဘုရားအဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သောအာရုံ အားလုံးတို့၌လည်းကောင်း ငါဟု စွဲယူမှု ‘ဒိဋ္ဌိ’ ငါ့ဥစ္စာဟု တပ်မက်မှု ‘တဏှာ’ထောင်လွှားမှု ‘မာန’မှ ကင်း သော, ထောင်လွှားခြင်းအဖို့ကို ကောင်းစွာ လွန်သော, (ကိလေသာပူပန်မှုမှ) ငြိမ်းသော, (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်သောစိတ် ဖြစ်ပါသနည်း “ဟု လျှောက်၏။ သုရာဓအတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော။ပ။ အဝေး အနီးလည်းဖြစ်သော ရုပ်အားလုံးကို” ဤရုပ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှု၍ မစွဲလမ်းဘဲ ကိလေသာမှ လွတ်မြောက်၏။

အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း အပြင်လည်းဖြစ်သော အကြမ်း အနုလည်းဖြစ်သောအယုတ် အမြတ်လည်းဖြစ်သော အဝေး အနီးလည်းဖြစ်သော ဝေဒနာအားလုံးကို။ သညာအားလုံးကို။ သင်္ခါရအားလုံးတို့ကို။ ဝိညာဏ်အားလုံးကို “ ဤဝိညာဏ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤဝိညာဏ်သည် ငါ့မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှု၍ မစွဲလမ်းဘဲ ကိလေသာမှ လွတ် မြောက်၏။ သုရာဓ ဤသို့ သိသူ ဤသို့ မြင်သူအားဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ် သော အာရုံအားလုံးတို့၌လည်းကောင်း ငါဟုစွဲယူမှု’ဒိဋ္ဌိ’ ငါ့ဥစ္စာဟု တပ်မက်မှု’တဏှာ’ ထောင်လွှားမှု ‘မာန’မှ ကင်းသော ထောင်လွှားခြင်းအဖို့ကိုကောင်းစွာ လွန်သော (ကိလေသာပူပန်မှုမှ) ငြိမ်းသော (ကိလေသာမှ) ကောင်းစွာ လွတ်မြောက်သောစိတ်ဖြစ်၏။ပ။ အသျှင်သုရာဓသည် ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေ၏။

ဒသမသုတ်။

နှစ်ခုမြောက် အရဟန္တဝဂ် ပြီး၏။