သံယုတ္တနိကာယ်—၂၂
(၈) ၃—ခဇ္ဇနီယဝဂ်
၂—သမုဒယသုတ်
၇၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။
ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။