သံယုတ္တနိကာယ်—၂၂

(၈) ၃—ခဇ္ဇနီယဝဂ်

၁—အဿာဒသုတ်

၇၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိ။

ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏။ ဝေဒနာ၏။ သညာ၏။ သင်္ခါရတို့၏။ ဝိညာဏ်၏ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။