သံယုတ္တနိကာယ်—၂၂
၁—နကုလပိတုဝဂ်
၈—ဒုတိယ ဥပါဒါပရိတဿနာသုတ်
၈။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်းကိုလည်းကောင်း၊ မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားအံ့၊ ထိုတရားကိုနာကြ ကုန်လော့။ပ။ ရဟန်းတို့ အဘယ်သို့လျှင် စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင်မရှိသော ပုထုဇဉ်သည် ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါ ဖြစ်၏၊ ဤရုပ်သည် ငါ၏ ကိုယ်တည်း”ဟု ရှု၏၊ ထိုသူ၏ ထိုရုပ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ ဖြစ်ကုန်၏။ ခံစားမှု”ဝေဒနာ”ကို ဤဝေဒနာသည်ငါ၏ ဥစ္စာဖြစ်၏။ပ။ မှတ်သားမှု “သညာ”ကို ဤသညာသည် ငါ၏ ဥစ္စာဖြစ်၏။ပ။ ပြုပြင်မှု”သင်္ခါရ”တို့ကို ဤသင်္ခါရတို့သည် ငါ၏ ဥစ္စာဖြစ်ကုန်၏။ပ။ ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ၏ ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်တည်း”ဟု ရှု၏။ ထိုသူ၏ ထိုဝိညာဏ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့်စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ ဖြစ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင်စွဲလမ်းမှုကြောင့် ဖြစ်သော တောင့်တခြင်း ဖြစ်၏။
ရဟန်းတို့ အဘယ်သို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်သနည်း။ ရဟန်းတို့ ဤလောက၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်ကို “ ဤရုပ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ် မဟုတ် “ဟု ရှု၏။ ထိုသူ၏ ထိုရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်း တစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့်စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့ မဖြစ်ကုန်။ ခံစားမှု”ဝေဒနာ”ကို ဤဝေဒနာသည် ငါ၏ ဥစ္စာ မဟုတ်။ပ။ မှတ်သားမှု “သညာ”ကို ဤသညာသည် ငါ၏ ဥစ္စာ မဟုတ်၊ ပြုပြင်မှု “သင်္ခါရ”တို့ကို ဤသင်္ခါရတို့သည် ငါ၏ ဥစ္စာ မဟုတ်ကုန်။ ဝိညာဏ်ကို “ ဤဝိညာဏ်သည် ငါ၏ဥစ္စာ မဟုတ်။ ဤ ဝိညာဏ်သည် ငါ မဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ် မဟုတ် “ဟု ရှု၏။
ထိုသူ၏ ထိုဝိညာဏ်သည် ဖောက်ပြန်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်၏၊ ထိုသူအား ဝိညာဏ်ဖောက်ပြန်ခြင်းတစ်မျိုးတစ်ဖုံ ဖြစ်ခြင်းကြောင့် စိုးရိမ်မှု ငိုကြွေးမှုကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု ပြင်းစွာ ပင်ပန်းမှုတို့မဖြစ်ကုန်။ ရဟန်းတို့ ဤသို့လျှင် မစွဲလမ်းမှုကြောင့် ဖြစ်သော မတောင့်တခြင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။