သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၇—ခေမကသုတ်

၈၉။ အခါတစ်ပါး၌ မထေရ်ဖြစ်သော ရဟန်းများစွာတို့သည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်ခေမကသည် ဗဒရိကာရုံကျောင်း၌ အနာရောဂါ နှိပ်စက်ရကား ဆင်းရဲသို့ ရောက်သည် ဖြစ်၍ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေ၏၊ ထိုအခါ မထေရ်ရဟန်းတို့သည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထပြီးလျှင် အသျှင်ဒါသကကို မိန့်ဆိုကြကုန်၏ —“ငါ့သျှင်ဒါသက သင် သွားချေ၊ ခေမကရဟန်းထံသို့ ချဉ်းကပ်၍ ‘ငါ့သျှင် သင့်ကို မထေရ်များက ‘ခံ့ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့ ဆုတ်ယုတ်ကြပါ၏လော၊ မတိုးပွါးဘဲ ရှိကြပါ၏လော၊ ဆင်းရဲဝေဒနာတို့၏ ဆုတ်ယုတ်မှုသည် ထင်ပါ၏လော၊ တိုးပွါးမှုသည် မထင်ဘဲ ရှိပါ၏လော’ဟု ဤသို့မေးကြပါသည် ‘ဟု ပြောဆိုချေလော့”ဟု မိန့်ဆိုကြကုန်၏။ “ငါ့သျှင်တို့ ကောင်းပါပြီ”ဟု အသျှင်ဒါသကသည်မထေရ်ရဟန်းတို့အား ဝန်ခံ၍ အသျှင်ခေမကထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ခေမက သင့်ကို မထေရ်တို့က ‘ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲဝေဒနာတို့ ဆုတ်ယုတ်ကြပါ၏လော၊ မတိုးပွါးဘဲ ရှိကြပါ၏လော၊ ဆင်းရဲဝေဒနာတို့၏ ဆုတ်ယုတ်မှုသည် ထင်ပါ၏လော၊ တိုးပွါးမှုသည် မထင်ဘဲရှိပါ၏လော’ဟု မေးကြပါသည် “ဟု ပြောလေ၏။ ငါ့သျှင် ငါ မခံ့ကျန်းပါ၊ မမျှတပါ။ပ။ ဆင်းရဲဝေဒနာတို့၏ တိုးပွါးမှုသည် ထင်ပါသည်၊ ဆုတ်ယုတ်မှုသည် မထင်ပါဟု လျှောက်၏။

ထိုအခါ အသျှင်ဒါသကသည် မထေရ်ရဟန်းများထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်တို့ ခေမကရဟန်းသည် ‘ငါ့သျှင် ငါသည် မခန့်ကျန်းပါ။ပ။ တိုးပွါးမှု ထင်ပါ၏၊ ဆုတ်ယုတ်မှု မထင်ပါ ‘ဟု ဤသို့ ပြောဆိုပါသည်”ဟု လျှောက်၏။ ငါ့သျှင်ဒါသက လာပါဦးလော့၊ ခေမကရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဤသို့ပြောပါလော့။ ငါ့သျှင်ခေမက သင့်ကို မထေရ်တို့က ဤသို့ပြောကြပါ၏—“ငါ့သျှင် ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာ ဥပါဒါနက္ခန္ဓာ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရဥပါဒါနက္ခန္ဓာ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသောဥပါဒါနက္ခန္ဓာငါးမျိုး တို့ကို မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ အသျှင်ခေမကသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံ တစ်ခုကို ငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်းရှုသလောဟု ပြောပါလော့”ဟု မိန့်ဆိုကြ ကုန်၏။ “ငါ့သျှင်တို့ ကောင်းပါပြီ”ဟု အသျှင်ဒါသကသည့်မထေရ်ရဟန်းတို့အား ဝန်ခံပြီးလျှင် အသျှင် ခေမကထံသို့ ချဉ်းကပ်၍ ။ပ။ ငါ့သျှင်ခေမက သင့်ကိုမထေရ်တို့က “ရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါ နက္ခန္ဓာဟူသော ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုမြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ အသျှင်ခေမကသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံတစ်ခုကိုငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း ရှုသလော”ဟု ဤသို့ မေးကြပါသည်ဟု ဆို၏။

ငါ့သျှင် “ရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသော ဥပါဒါ နက္ခန္ဓာငါးမျိုးတို့ကို မြတ်စွာဘုရားဟောတော်မူအပ်ကုန်၏၊ ငါသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံ တစ်ခုကို ငါဟူ၍လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍လည်းကောင်း မရှုပါ”ဟု ဆို၏။

ထိုအခါ အသျှင်ဒါသကသည် မထေရ်ရဟန်းများထံသို့ ချဉ်းကပ်ပြီးလျှင် ဤစကားကို ပြောလေ၏—“ငါ့သျှင်တို့ ခေမကရဟန်းသည် ‘ ဤရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသော ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ ငါသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံတစ်ခုကိုငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း မရှုပါ ‘ဟု ဤသို့ ပြောဆိုပါသည်”ဟု ပြော၏။

ငါ့သျှင် ဒါသက လာပါဦးလော့၊ ခေမကရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ခေမက သင့်ကိုမထေရ်တို့က ‘ရုပ် ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသော ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကိုမြတ်စွာဘုရား ဟောတော်မူ အပ်ကုန်၏၊ အသျှင်ခေမကသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံတစ်ခုကိုငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း မရှုခဲ့မူ အသျှင်ခေမကသည် အာသဝေါကုန်ပြီးသောရဟန္တာလော’ဟု ဤသို့ မေး ကြပါသည်”ဟု ဤသို့ ပြောပါလော့ဟု ဆိုကြကုန်၏။

“ငါ့သျှင်တို့ ကောင်းပါပြီ”ဟု အသျှင်ဒါသကသည် မထေရ်ရဟန်းတို့အား ဝန်ခံ၍ အသျှင်ခေမကထံသို့။ပ။ ငါ့သျှင်ခေမက သင့်ကို မထေရ်တို့က “ရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသော ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ အသျှင်ခေမကသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံတစ်ခုကို ငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း မရှုခဲ့မူ အသျှင်ခေမကသည် အာသဝေါကုန်ပြီးသော ရဟန္တာလော”ဟု မေးကြပါသည်ဟု ပြောဆို၏။ ငါ့သျှင်ရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသော ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မြတ်စွာဘုရားဟောတော်မူအပ်ကုန်၏၊ ငါသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံတစ်ခုကို ငါဟူ၍လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍လည်းကောင်း မရှုပါ၊ အာသဝေါကုန်ပြီးသော ရဟန္တာလည်း မဟုတ်ပါ၊ ငါ့သျှင် ထိုသို့မဟုတ်သော်လည်း ငါ့အား ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့၌ “ငါ ဖြစ်၏”ဟု (ခေါ်ဝေါ်မှုကို) ရအပ်ပါ၏၊ “ ဤအရာသည် ငါ ဖြစ်၏ “ဟူ၍ ကား မရှုပါဟု ဆို၏။

ထိုအခါ အသျှင်ဒါသကသည် မထေရ်ရဟန်းတို့အား။ပ။ ဤစကားကို ပြောလေ၏— “ငါ့သျှင်တို့ခေမကရဟန်းသည် ဤသို့ ပြောပါသည်— ‘ရုပ်ဥပါဒါနက္ခန္ဓာ။ပ။ ဝိညာဏ်ဥပါဒါနက္ခန္ဓာဟူသော ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မြတ်စွာဘုရား ဟောတော်မူအပ်ကုန်၏၊ ငါသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ တစ်စုံတစ်ခုကို ငါဟူ၍လည်းကောင်း၊ ငါ၏ ဥစ္စာဟူ၍လည်းကောင်း မရှုပါ၊ အာသဝေါကုန်ပြီးသောရဟန္တာလည်း မဟုတ်ပါ၊ ထိုသို့မဟုတ်သော်လည်း ငါ့အား ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ “ငါ ဖြစ်၏”ဟူ၍ (ခေါ်ဝေါ်မှုကို) ရအပ်၏၊ “ ဤအရာသည် ငါ ဖြစ်၏”ဟူ၍ ကား မရှုပါ ‘ဟု ပြောလိုက်ပါသည်”ဟု ဆို၏။

ငါ့သျှင်ဒါသက သင် လာပါဦးလော့၊ ခေမကရဟန်းထံသို့ ချဉ်းကပ်ပြီးလျှင် “ငါ့သျှင်ခေမက သင့်ကိုမထေရ်တို့က ‘ငါ ဖြစ်၏’ ဟူသော စကားကို ဆို၏၊ အဘယ်ကို ‘ငါ ဖြစ်၏’ဟု ဆိုပါသနည်း၊ ရုပ်ကို ‘ငါဖြစ်၏ ‘ဟု ဆိုပါသလော၊ ရုပ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု ဆိုပါသလော။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ‘ငါ ဖြစ်၏ ‘ဟု ဆိုပါသလော၊ ဝိညာဏ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု ဆိုပါသလော။ ‘ငါ ဖြစ်၏ ‘ ဟူသော စကားကို ဆို၏၊ အဘယ်ကို ‘ငါ ဖြစ်၏’ဟု ဆိုသနည်းဟု ဤသို့ မေးကြပါသည်ဟုပြောချေလော့”ဟု ဆိုကြကုန်၏။

“ငါ့သျှင်တို့ ကောင်းပါပြီ”ဟု အသျှင်ဒါသကသည် မထေရ်တို့အား ဝန်ခံ၍ အသျှင်ခေမကထံသို့ချဉ်းကပ်ပြီးလျှင် ငါ့သျှင်ခေမက သင့်ကို မထေရ်တို့က ဤသို့ မေးကြပါသည်—’ငါ ဖြစ်၏’ ဟူသောစကား ကို ဆို၏၊ အဘယ်ကို ‘ငါ ဖြစ်၏’ဟု ဆိုပါသနည်း၊ ရုပ်ကို ‘ငါ ဖြစ်၏’ဟု ဆိုပါသလော၊ ရုပ်မှတစ်ပါး ‘ငါ ဖြစ်၏’ဟု ဆိုပါသလော။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ‘ငါဖြစ်၏’ဟု ဆိုပါ သလော၊ ဝိညာဏ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု ဆိုပါသလော။ ‘ငါ ဖြစ်၏’ ဟူသောစကားကို ဆို၏၊ အဘယ်ကို ‘ငါ ဖြစ်၏’ဟု ဆိုသနည်းဟု ဤသို့ ပြောလေ၏။ ငါ့သျှင်ဒါသက ဤအခေါက်ခေါက် ပြေးနေရ ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း၊ မသင့်တော်လှပါ။ ငါ့သျှင်တောင်ဝှေးကို ယူချေ၊ ငါကိုယ်တိုင် မထေရ် ရဟန်းထံသို့ ချဉ်းကပ်အံ့ဟု (ဆို၏)။

ထို့နောက် အသျှင်ခေမကသည် တောင်ဝှေးကို ထောက်၍ မထေရ်ရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင်ထိုမထေရ်ရဟန်းတို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးနောက် တစ်ခုသော နေရာ၌ ထိုင်၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်ခေမကအား မထေရ်ရဟန်းတို့သည် ဤစကားကို ပြောကြကုန်၏— “ငါ့သျှင်ခေမက ‘ငါ ဖြစ်၏’ ဟူသောစကားကို ဆို၏၊ အဘယ်ကို ‘ငါ ဖြစ်၏’ဟု ဆိုပါသနည်း၊ ရုပ်ကို ‘ငါ ဖြစ်၏’ဟု ဆိုသလော၊ ရုပ်မှတစ်ပါး ‘ငါ ဖြစ်၏’ဟု ဆိုသလော။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ‘ငါ ဖြစ်၏’ဟုဆိုသလော၊ ဝိညာဏ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု ဆိုသလော။ ငါ့သျှင်ခေမက ‘ငါ ဖြစ်၏’ ဟူသောစကားကို ဆို၏၊ အဘယ်ကို ‘ငါ ဖြစ်၏’ဟု ဆိုပါသနည်းဟု ပြောဆိုကြကုန်၏။ ငါ့သျှင်တို့ ငါသည်ရုပ်ကို ‘ငါ ဖြစ်၏’ဟု မဆို၊ ရုပ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု မဆို။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ် ကို ‘ငါ ဖြစ်၏’ဟု မဆို၊ ဝိညာဏ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု မဆို။ ငါ့သျှင်တို့သို့သော် ငါ့အား ဥပါဒါ နက္ခန္ဓာငါးမျိုးတို့၌ ‘ငါ ဖြစ်၏’ဟု (ခေါ်ဝေါ်မှုကို) ရအပ်၏၊ ဤအရာသည် ‘ငါဖြစ်၏’ ဟူ၍ ကား မရှုပါ။

ငါ့သျှင်တို့ ဥပမာသော်ကား ကြာညိုနံ့ သို့မဟုတ် ပဒုမ္မာကြာနံ့ သို့မဟုတ် ပုဏ္ဍရိက်ကြာနံ့ ရှိရာ၏၊ တစ်ဦးတစ်ယောက်သည် “ပွင့်ချပ်၏ အနံ့” ဟူ၍ သော်လည်းကောင်း၊ “အဆင်း၏ အနံ့” ဟူ၍ သော်လည်းကောင်း၊ “ဝတ်ဆံ၏ အနံ့”ဟူ၍ သော်လည်းကောင်း ဤသို့ ဆိုလျှင် ထိုသူသည် ကောင်းစွာဆိုသည် မည်ရာသလော။ ငါ့သျှင် မမည်နိုင်ပါ။ ငါ့သျှင်တို့ အဘယ်သို့ ဖြေသော် ကောင်းစွာ ဖြေသည်မည်ရာ သနည်း။ ငါ့သျှင်တို့ “အပွင့်၏ အနံ့” ဟူ၍ ဖြေသော် ကောင်းစွာ ဖြေသည် မည်ရာ၏။

ငါ့သျှင်တို့ ဤအတူပင် ရုပ်ကို ‘ငါ ဖြစ်၏ ‘ဟု မဆို၊ ရုပ်မှ တစ်ပါး ‘ငါ ဖြစ်၏ ‘ဟု မဆို။ ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ ဝိညာဏ်ကို ‘ငါ ဖြစ်၏’ဟု မဆို၊ ဝိညာဏ်မှ တစ်ပါး ‘ငါ ဖြစ်၏’ဟု မဆို။ ငါ့သျှင်တို့ သို့သော်လည်း ငါ့အား ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ ‘ငါ ဖြစ်၏’ဟု (ခေါ်ဝေါ်မှုကို) ရအပ်ပါ၏၊ ဤအရာသည် ‘ငါ ဖြစ်၏ ‘ဟူ၍ ကား မရှုပါ။

ငါ့သျှင်တို့ အရိယာတပည့်အား အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို ပယ်ထားပြီး ဖြစ်ကြစေကာမူထိုအရိယာတပည့်အား ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ အသိမ်မွေ့ဆုံး ဖြစ်သော ‘ငါ ဖြစ်၏ ‘ ဟူသော အထင်၊ ‘ငါ ဖြစ်၏ ‘ ဟူသော အလို၊ ‘ငါ ဖြစ်၏’ ဟူသော အနုသယတို့ကို မပယ်ရသေး၊ ထိုသူသည် နောင်အခါဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ “ ဤကား ရုပ်၊ ဤကား ရုပ်ဖြစ်ပေါ်ခြင်း၊ ဤကား ရုပ်ချုပ်ခြင်း၊ ဤကားဝေဒနာ။ ဤကား သညာ။ ဤကား သင်္ခါရ။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်ဖြစ်ပေါ်ခြင်း၊ ဤကား ဝိညာဏ်ချုပ်ခြင်း”ဟု အဖြစ်အပျက်ကို ရှုလျက် နေ၏၊ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ အဖြစ်အပျက်ကို ရှုလျက် နေသော သူအား ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ မပယ်ရသေးသော အသိမ်မွေ့ဆုံးဖြစ်သော ‘ငါ ဖြစ်၏ ‘ဟူသော အထင်၊ ‘ငါ ဖြစ်၏ ‘ ဟူသော အလို၊ ‘ငါ ဖြစ်၏ ‘ဟူသောအနုသယသည်လည်း ကွာခြင်းသို့ ရောက်၏။

ငါ့သျှင်တို့ ဥပမာသော်ကား ညစ်၍ ကြေးကပ်နေသော အဝတ်ကို ပိုင်ရှင်တို့သည် ခဝါသည်အားပေးအပ်ကုန်၏၊ ခဝါသည်သည် ထိုအဝတ်ကို ဆပ်ပြာနှင့် ဖြစ်စေ၊ ပြာနှင့် ဖြစ်စေ၊ နွားချေးနှင့် ဖြစ်စေပွတ်တိုက်၍ ရေကြည်နှင့် လျှော်ဖွပ်၏။ ထိုအဝတ်သည် စင်ကြယ်ဖြူဖွေးစေကာမူ အသိမ်မွေ့ဆုံးဖြစ်သောဆပ်ပြာနံ့ ပြာနံ့ နွားချေးနံ့တို့ကား မကုန်သေး၊ ခဝါသည်သည် ထိုအဝတ်ကို ပိုင်ရှင်တို့အား ပြန်ပေးအပ်၏၊ ပိုင်ရှင်တို့သည် ထိုအဝတ်ကို အနံ့ထုံထားသော ပခြုပ်၌ ထည့်ကြကုန်၏၊ ထိုအဝတ်၌ မကုန်သေးသော အသိမ်မွေ့ဆုံးဖြစ်သော ဆပ်ပြာနံ့ ပြာနံ့ နွားချေးနံ့တို့သည်လည်း ကုန်ခြင်းသို့ ရောက်ကုန်၏။

ငါ့သျှင်တို့ ဤဥပမာအတူ အရိယာတပည့်အား အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို ပယ်ထားပြီး ဖြစ်ကြစေကာမူ ထိုသူအား ဥပါနက္ခန္ဓာငါးမျိုးတို့၌ အသိမ်မွေ့ဆုံးဖြစ်သော ‘ငါ ဖြစ်၏’ ဟူသော အထင်၊ ‘ငါဖြစ်၏’ဟူသော အလို၊ ‘ငါ ဖြစ်၏’ ဟူသော အနုသယကို မပယ်အပ်သေး၊ ထိုသူသည် နောင်အခါ ဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ “ ဤကား ရုပ်၊ ဤကား ရုပ်ဖြစ်ပေါ်ခြင်း၊ ဤကား ရုပ်ချုပ်ခြင်း၊ ဤကား ဝေဒနာ။ ဤကား သညာ။ ဤကား သင်္ခါရ။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်ဖြစ်ပေါ်ခြင်း၊ ဤကားဝိညာဏ် ချုပ်ခြင်း”ဟု အဖြစ်အပျက်ကို ရှုလျက် နေ၏၊ ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ အဖြစ်အပျက်ကိုရှုလျက် နေသူအား ထိုဥပါဒါနက္ခန္ဓာငါးမျိုးတို့၌ မပယ်ရသေးသော အသိမ်မွေ့ဆုံးဖြစ်သော ‘ငါဖြစ်၏’ ဟူသော အထင်၊ ‘ငါ ဖြစ်၏’ ဟူသော အလို၊ ‘ငါ ဖြစ်၏’ ဟူသော အနုသယသည်လည်းကွာခြင်းသို့ ရောက်၏ဟု ပြောဆို၏။

ဤသို့ ဆိုသော် မထေရ်ရဟန်းတို့သည် အသျှင်ခေမကအား ဤသို့ ဆိုကုန်၏— “ငါတို့သည်အသျှင်ခေမကကို ညှဉ်းဆဲလို၍ မေးကြသည် မဟုတ်ပါ၊ စင်စစ်မှာ အသျှင်ခေမကသည် ထိုမြတ်စွာဘုရား၏ အဆုံးအမတော်ကို အကျယ်ပြောရန် ဟောရန် ပညတ်ရန် ထားရန် ဖွင့်ရန် ခွဲခြမ်းရန် ပေါ်လွင်အောင်ပြုရန် စွမ်းနိုင်ပါ၏၊ အသျှင်ခေမကသည် ထိုမြတ်စွာဘုရား အဆုံးအမတော်ကို အကျယ်ပြောအပ်ပါပြီ၊ ဟော အပ်ပါပြီ၊ ပညတ်အပ်ပါပြီ၊ ထားအပ်ပါပြီ၊ ဖွင့်အပ်ပါပြီ၊ ပေါ်လွင်အောင် ပြုအပ်ပါပြီ”ဟုမိန့်ဆိုကြကုန်၏၊ အသျှင်ခေမကသည် ဤစကားကို ဆိုလေ၏၊ မထေရ်ရဟန်းတို့သည်ဝမ်းမြောက်ကုန်လျက် အသျှင်ခေမက၏ စကားကို အလွန်နှစ်သက်စွာ လက်ခံကုန်၏။ ထိုတရားကိုဟောနေစဉ်ပင် ခြောက်ကျိပ်သော မထေရ် ရဟန်းတို့နှင့် အသျှင်ခေမက၏ စိတ်တို့သည် မစွဲလမ်းတော့ဘဲအာသဝေါတို့မှ လွတ်မြောက်ကြကုန်၏၊

သတ္တမသုတ်။