သံယုတ္တနိကာယ်—၂၂

(၉) ၄—ထေရဝဂ်

၆—အဿဇိသုတ်

၈၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေးရာ ဖြစ်သောဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အဿဇိသည် ကဿပသူဌေး ဆောက်လုပ်သော ကျောင်း၌ အနာရောဂါ နှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်သည် ဖြစ်၍ ပြင်းထန်စွာ မကျန်း့မမာ ဖြစ်နေ၏၊ ထိုအခါ အသျှင်အဿဇိသည် အလုပ်အကျွေးတို့ကို မိန့်ဆို၏— “ငါ့သျှင်တို့ လာကြကုန်လော့၊ သင်တို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ‘အသျှင်ဘုရား အဿဇိရဟန်းသည် အနာရောဂါနှိပ်စက်ရကား ဆင်းရဲခြင်းသို့ ရောက်သည် ဖြစ်၍ ပြင်းထန်စွာ မကျန်းမမာ ဖြစ်နေပါ၏၊ ထိုအသျှင်သည်မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးခိုက်ပါ၏’ဟု ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ ခြေတော်တို့ကိုဦးခိုက် ကြကုန်လော့၊ ‘အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အစဉ်သနားသည်ကိုအကြောင်းပြု၍ အဿဇိရဟန်းထံသို့ ချဉ်းကပ်တော်မူစေလိုပါသတဲ့’ဟု ဤသို့လည်းလျှောက်ကြကုန်လော့ဟု ဆို၏။ “ငါ့ သျှင် ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အဿဇိအားဝန်ခံကုန်ပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးကြပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ကုန်လျက် ဤသို့ လျှောက်ကုန်၏— “အသျှင်ဘုရား အဿဇိ ရဟန်းသည် အနာရောဂါ နှိပ်စက်ရကား။ပ။ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အစဉ် သနားသည်ကို အကြောင်းပြု၍ အဿဇိရဟန်းထံသို့ ချဉ်းကပ်တော်မူစေလိုပါသတဲ့ဟု လျှောက်လိုက်ပါသည်”ဟု လျှောက်ကုန်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူ၍ အသျှင်အဿဇိထံသို့ ချဉ်းကပ်တော်မူ၏။ အသျှင်အဿဇိသည် မြတ်စွာဘုရား ကြွတော်မူလာသည်ကိုအဝေးမှပင် မြင်၍ ညောင်စောင်းပေါ်မှ အောက်သို့ ဆင်းမည့်အယောင် ပြုလေ၏။ ထိုအခါမြတ်စွာဘုရားသည် အသျှင် အဿဇိကို အဿဇိ မသင့်၊ ညောင်စောင်းမှ အောက်သို့ မဆင်းလင့်၊ ဤခင်းထားသော နေရာတို့သည် ရှိကုန်၏၊ ထိုနေရာတို့၌ ငါ ထိုင်အံ့ဟု မိန့်တော်မူ၏။

မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင် တော်မူပြီးသော် ဤစကားကို မိန့်တော်မူ၏။ အဿဇိသင် ခန့်ကျန်း၏လော၊ မျှတ၏လော။ပ။ ဆင်းရဲ ဝေဒနာတို့၏ ဆုတ်ယုတ်မှုသည် ထင်ပါသလော၊ တိုးပွါးမှုသည် မထင်ဘဲ ရှိပါ၏လောဟု မိန့်တော်မူ၏။

အသျှင်ဘုရား တပည့်တော် မခန့်ကျန်းပါ။ပ။ ဆင်းရဲဝေဒနာတို့၏ တိုးပွါးမှုသည် ထင်ပါ၏၊ ဆုတ်ယုတ်မှုသည် မထင်ပါဟု လျှောက်၏။ အဿဇိ သင့်အား တစ်စုံတစ်ခု ပူပန်မှု နှလုံးမသာမှု မရှိပါသလော။ အသျှင်ဘုရား စင်စစ်အားဖြင့် တပည့်တော်အား ပူပန်မှု နှလုံးမသာမှုသည် မနည်းလှပါ။ အဿဇိသင့်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲနိုင်ဘဲ ရှိပါ၏လော။ အသျှင်ဘုရား တပည့်တော်ကို သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲဘဲ ရှိပါ၏။ အဿဇိ သီလအားဖြင့် မိမိကိုယ်တိုင် မစွပ်စွဲဘဲ ရှိခဲ့မူ သင်၏ပူပန်မှု နှလုံးမသာမှုကား အဘယ်နည်း။ အသျှင်ဘုရား တပည့်တော်သည် မနာမီ ရှေးအခါက ထွက်သက်ဝင်သက်တို့ကို ငြိမ်းစေ၍ ငြိမ်းစေ၍ နေထိုင်ပါ၏၊ ထိုတပည့်တော်သည် ယခုအခါတည်ကြည်မှု’သမာဓိ’ကို မရပါ၊ အသျှင်ဘုရား ထိုတည်ကြည်မှု ‘သမာဓိ’ ကို မရသဖြင့်ထိုတပည့်တော်အား “ငါသည် (သာသနာမှ) မဆုတ်ယုတ်သလော”ဟု ဤသို့ အကြံ ဖြစ်ပါ၏ဟုလျှောက်၏။ အဿဇိ တည်ကြည်မှု’သမာဓိ ‘ ကို အနှစ် သာရ, တည်ကြည်မှု ‘သမာဓိ’ ကိုရဟန်းအဖြစ်ဟု ထင်ကြကုန်သော သမဏဗြာဟ္မဏတို့သည် ထိုတည် ကြည်မှု ‘သမာဓိ’ ကို မရကြသဖြင့်”ငါတို့သည် (သာသနာမှ) မဆုတ်ယုတ်ကုန်သလော”ဟု ဤသို့ အကြံ ဖြစ်တတ်၏။

အဿဇိ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ အဿဇိ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဝိညာဏ်သည်။ပ။ ထိုသို့ ဖြစ်သောကြောင့်။ပ။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏။ ထိုသူသည် သုခဝေဒနာကို ခံစားလျှင် ထိုဝေဒနာသည်”မမြဲ”ဟု သိ၏၊ “တောင့်တဖွယ် မဟုတ်”ဟု သိ၏၊ “နှစ်သက်ဖွယ် မဟုတ်”ဟု သိ၏၊ ဒုက္ခဝေဒနာကိုခံစားလျှင် ထိုဝေဒနာသည် “မမြဲ”ဟု သိ၏၊ “တောင့်တဖွယ် မဟုတ်”ဟု သိ၏၊ “နှစ်သက်ဖွယ်မဟုတ်”ဟု သိ၏၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားလျှင့်ထိုဝေဒနာသည် “မမြဲ”ဟု သိ၏။ပ။ “နှစ်သက်ဖွယ် မဟုတ်”ဟု သိ၏။ ထိုသူသည် သုခဝေဒနာကိုခံစားလျှင် တွယ် တာခြင်း ကင်းလျက် ခံစား၏၊ ဒုက္ခဝေဒနာကို ခံစားလျှင် တွယ်တာခြင်း ကင်းလျက်ခံစား၏၊ ဆင်းရဲလည်း မဟုတ်၊ ချမ်းသာလည်း မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားလျှင်တွယ်တာခြင်း ကင်းလျက် ခံစား၏။ ထိုသူသည် ခန္ဓာကိုယ်အဆုံးရှိသော ဝေဒနာကို ခံစားလျှင်”ခန္ဓာကိုယ်အဆုံးရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏။ အသက်အဆုံးရှိသော ဝေဒနာကို ခံစားလျှင်”အသက်အဆုံးရှိသော ဝေဒနာကို ခံစား၏”ဟု သိ၏။ “ခန္ဓာကိုယ် ပျက်၍ အသက်ကုန်သည်မှအထက်၌ ဤဘဝ၌ ပင် ဝေဒနာအားလုံးတို့သည် နှစ်သက်ဖွယ် မရှိကုန်သည် ဖြစ်၍ အေးငြိမ်းကုန်လတ္တံ့”ဟု သိ၏။

အဿဇိ ဥပမာသော်ကား ဆီနှင့် မီးစာကို စွဲ၍ ဆီမီးသည် တောက်လောင်ရာ၏၊ ထိုဆီနှင့် မီးစာကုန်ခြင်းကြောင့် လောင်စာ မရှိသည် ဖြစ်၍ ငြိမ်းသကဲ့သို့ အဿဇိ ဤအတူပင် ရဟန်းသည် ခန္ဓာကိုယ်အဆုံးရှိသော ဝေဒနာကို ခံစားလျှင် “ခန္ဓာကိုယ်အဆုံးရှိသော ဝေဒနာကို ခံစား၏ “ဟု သိ၏၊ အသက်အဆုံးရှိသော ဝေဒနာကို ခံစားလျှင် “အသက်အဆုံးရှိသော ဝေဒနာကို ခံစား၏ “ဟု သိ၏၊ “ခန္ဓာကိုယ်ပျက်၍ အသက် ကုန်သည်မှ အထက်၌ ဤဘဝ၌ ပင် ဝေဒနာအားလုံးတို့သည် နှစ်သက်ဖွယ် မရှိကုန်သည်ဖြစ်၍ အေးငြိမ်းကုန်လတ္တံ့”ဟု သိ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။