သံယုတ္တနိကာယ်—၂၂
(၁ဝ) ၅—ပုပ္ဖဝဂ်
၆—သုဒ္ဓိကသုတ်
၉၈။ သာဝတ္ထိနိဒါန်း။ ထိုရဟန်းသည် တစ်ခုသောနေရာ၌ ထိုင်နေ၍ မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“အသျှင်ဘုရား မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်းတည်မြဲသော တစ်စုံတစ်ခုသော ရုပ်ဟူ၍ ရှိပါ၏လော။ တစ်စုံတစ်ခုသော ဝေဒနာဟူ၍ ရှိပါ၏လော။ပ။ တစ်စုံတစ်ခုသော သညာဟူ၍ ရှိပါ၏လော။ တစ်စုံတစ်ခုသော သင်္ခါရတို့ဟူ၍ ရှိပါ၏လော။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်းတည်မြဲသော တစ်စုံတစ်ခုသော ဝိညာဏ်ဟူ၍ ရှိပါ၏လော “ဟု (လျှောက်၏)။ ရဟန်း မြဲသောခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသောတစ်စုံတစ်ခု သော ရုပ်ဟူ၍ မရှိ။ တစ်စုံတစ်ခုသော ဝေဒနာဟူ၍ မရှိ။ပ။ တစ်စုံတစ်ခုသော သညာဟူ၍ မရှိ။ တစ်စုံ တစ်ခုသော သင်္ခါရတို့ဟူ၍ မရှိ။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘောမရှိသော နေ လတို့ကဲ့သို့ ထိုအတိုင်း မြဲသော တစ်စုံတစ်ခုသော ဝိညာဏ်ဟူ၍ မရှိဟု (မိန့်တော်မူ၏)။
ဆဋ္ဌသုတ်။