သံယုတ္တနိကာယ်—၂၂

(၁ဝ) ၅—ပုပ္ဖဝဂ်

၅—နခသိခါသုတ်

၉၇။ သာဝတ္ထိနိဒါန်း။ ထိုရဟန်းသည် တစ်ခုသော နေရာ၌ ထိုင်၍ မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏— “အသျှင်ဘုရား မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသောနေလတို့ ကဲ့သို့ ထိုအတိုင်း တည်မြဲသော တစ်စုံတစ်ခုသော ရုပ်သည် ရှိပါသလော။ မြဲသော ခိုင်ခံ့သောတည်တံ့ သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသောတစ်စုံတစ်ခုသော ဝေဒနာသည်။ပ။ တစ်စုံတစ်ခုသော သညာသည်။ တစ်စုံတစ်ခုသော သင်္ခါရတို့သည်။ အသျှင်ဘုရား မြဲ သော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ထိုအတိုင်း တည်မြဲသော တစ်စုံတစ်ခုသော ဝိညာဏ်သည် ရှိပါသလော”ဟု လျှောက်၏။

ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသော တစ်စုံတစ်ခုသော ရုပ်သည် မရှိ။ တစ်စုံတစ်ခုသော ဝေဒနာသည်။ တစ်စုံတစ်ခုသော သညာသည်။ တစ်စုံတစ်ခုသော သင်္ခါရတို့သည်။ပ။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသော တစ်စုံတစ်ခုသော ဝိညာဏ်သည် မရှိဟုမိန့်တော်မူ၏။

ထိုနောက် မြတ်စွာဘုရားသည် လက်သည်းဖျား၌ မြေမှုန့်အနည်းငယ်ကို တင်ထား၍ ထိုရဟန်း အား ဤစကားကို မိန့်တော်မူ၏— ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသောနေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသော ရုပ်ဟူ၍ ဤမြေမှုန့်မျှလောက်ပင် မရှိ။ ရဟန်း မြဲသောခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော ရုပ်ဟူ၍ ဤမြေမှုန့်မျှလောက်ပင် ရှိခဲ့ငြားအံ့၊ အကြွင်းမဲ့ ဆင်းရဲ ကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ မထင်ရှားရာ။ ရဟန်း မြဲသောခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော ရုပ်ဟူ၍ ဤမြေမှုန့်မျှလောက်ပင်မရှိသောကြောင့် အကြွင်းမဲ့ ဆင်းရဲ ကုန်ခြင်းငှါ အကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ ထင်ရှား၏။

ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသော ဝေဒနာဟူ၍ ဤမြေမှုန့်မျှလောက်ပင် မရှိ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော ဝေဒနာဟူ၍ ဤမျှလောက်ပင် ရှိခဲ့ငြားအံ့၊ အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ မထင်ရှားရာ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သောဖောက်ပြန်ခြင်းသဘော မရှိသော ဝေဒနာဟူ၍ ဤမျှလောက်ပင် မရှိသောကြောင့် အကြွင်းမဲ့ ဆင်းရဲ ကုန်ခြင်းငှါ အကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ ထင်ရှား၏။ ရဟန်း သညာဟူ၍ ဤမျှလောက်ပင် မရှိ။ပ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်းတည်မြဲ သော သင်္ခါရတို့ဟူ၍ ဤမျှလောက်ပင် မရှိ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သောဖောက်ပြန်ခြင်း သဘော မရှိသော သင်္ခါရတို့ဟူ၍ ဤမျှလောက်ပင် ရှိကုန်ငြားအံ့၊ အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤ အကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ မထင်ရှားရာ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သောဖောက်ပြန်ခြင်း သဘော မရှိသော သင်္ခါရတို့ဟူ၍ ဤမျှလောက်ပင် မရှိသောကြောင့် အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ အကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ ထင်ရှား၏။

ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော နေလတို့ကဲ့သို့ ထိုအတိုင်း တည်မြဲသော ဝိညာဏ်ဟူ၍ ဤမျှလောက်ပင် မရှိ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သောဖောက်ပြန်ခြင်းသဘော မရှိသော ဝိညာဏ်ဟူ၍ ဤမျှလောက်ပင် ရှိခဲ့ငြားအံ့၊ အကြွင်းမဲ့ ဆင်းရဲ ကုန်ခြင်းငှါ အကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ မထင်ရှားရာ။ ရဟန်း မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက်ပြန်ခြင်းသဘော မရှိသော ဝိညာဏ်ဟူ၍ ဤမျှလောက်ပင် မရှိသောကြောင့် အကြွင်းမဲ့ ဆင်းရဲ ကုန်ခြင်းငှါအကျင့်မြတ်ကို ကျင့်သုံးမှုဟူ၍ ထင်ရှား၏။

ရဟန်း ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ထိုသို့ ဖြစ်သောကြောင့် ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။