သံယုတ္တနိကာယ်—၂၃
၁—ပဌမဝဂ်
၅—သမဏသုတ်
၁၆၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏— ရာဓ ဥပါဒါနက္ခန္ဓာတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊ သညာဟူသော ဥပါဒါနက္ခန္ဓာ၊ သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။
ရာဓ အချို့သော သမဏဗြာဟ္မဏတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း ကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ မသိကြကုန်။ ရာဓထိုသမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု မသမုတ်အပ်ကုန်၊ ထိုအသျှင်တို့သည် သမဏအဖြစ်အကျိုးငှါလည်းကောင်း၊ ဗြာဟ္မဏအဖြစ်အကျိုးငှါလည်းကောင်း ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ မနေကြရကုန်။
ရာဓ အချို့သော သမဏဗြာဟ္မဏတို့သည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့၏ သာယာဖွယ်ကိုလည်း ကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်မှုကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိကြကုန်၏၊ ထိုအသျှင်တို့ကို သမဏတို့၌လည်း သမဏဟု သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု သမုတ်အပ်ကုန်၏၊ ထိုအသျှင်တို့သည် သမဏအဖြစ်အကျိုးငှါလည်းကောင်း၊ ဗြာဟ္မဏအဖြစ်အကျိုးငှါလည်းကောင်း ယခုဘဝ၌ ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာနေကြရကုန်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။