သံယုတ္တနိကာယ်—၂၄
၁—သောတာပတ္တိဝဂ်
၄—နော စ မေ သိယာသုတ်
၂ဝ၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “ငါဟူ၍ မဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့လတ္တံ့ဟု ဆိုလျှင်ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူသည် ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။
ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ “ငါဟူ၍ မဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့ဟုဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူသည်ဖြစ်၏။ ဝေဒနာရှိလျှင်။ သညာရှိလျှင်။ သင်္ခါရတို့ရှိလျှင်။ ဝိညာဏ်ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှား နှလုံးသွင်း၍ “ငါဟူ၍ မဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည်မဖြစ်တော့လတ္တံ့ဟု ဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူသည် ဖြစ်၏။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြသနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ထိုရုပ်ကို အစွဲ မပြုခဲ့မူ “ငါဟူ၍ မဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည်မဖြစ်တော့ လတ္တံ့ဟု ဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူသည်ဖြစ်နိုင်ရာသလော။ မဖြစ်နိုင် ရာပါ အသျှင်ဘုရား။ ဝေဒနာသည်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် မြဲသလော၊ မမြဲသ လော။ မမြဲပါ အသျှင်ဘုရား။
မြင်အပ်သော အရာ၊ ကြားအပ်သော အရာ၊ တွေ့အပ်သော အရာ၊ သိအပ်သော အရာ၊ ရောက်အပ်သော အရာ၊ ရှာအပ်သော အရာ၊ စိတ်ဖြင့် တွေးဆအပ်သော အရာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ထိုအရာကို အစွဲ မပြုခဲ့မူ “ငါဟူ၍ မဖြစ်ခဲ့လျှင် ငါ့ဥစ္စာဟူ၍ မဖြစ်ရာ၊ ငါသည် မဖြစ်တော့လတ္တံ့ဟု ဆိုလျှင် ငါ့ဥစ္စာဟူ၍ မဖြစ်တော့လတ္တံ့”ဟု ဤသို့သော အယူသည်ဖြစ်နိုင်ရာ သလော။ မဖြစ်နိုင်ရာပါ အသျှင်ဘုရား။
ရဟန်းတို့ အကြင်အခါ၌ အရိယာတပည့်သည် ဤဆိုအပ်ခဲ့ပြီးသော အရာတို့၌ ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏၊ (ထိုအခါ) ထိုအရိယာတပည့်သည် ဆင်းရဲခြင်း၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ပ။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌လည်း ယုံမှားခြင်းကို ပယ်ဖျောက်နိုင်၏။ ရဟန်းတို့ ဤအရိယာတပည့်ကို အပါယ်ကျခြင်းသဘော မရှိသော ကိန်းသေ မြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။