သံယုတ္တနိကာယ်—၃၅
(၁၂) ၂—လောကကာမဂုဏဝဂ်
၃—လောကန္တဂမနသုတ်
၁၁၆။ ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုအပ်၏ဟု ငါ မဆို။ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးလျှင် နေရာမှ ထ၍ ကျောင်းတော်သို့ ဝင်တော် မူ၏။
ထို့နောက် မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီ ထိုရဟန်းတို့အား— “ငါ့သျှင်တို့ မြတ်စွာဘုရားသည် ‘ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို၊ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုအပ်၏ဟု ငါ မဆို’ဟု ဤအကျဉ်းအားဖြင့် ညွှန်ပြချက်ကို ငါတို့အား ညွှန်ပြတော်မူပြီးလျှင်အကျယ်အားဖြင့် အနက် အဓိပ္ပါယ်ကို ဝေဖန်တော် မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ဝင်တော်မူခဲ့၏၊ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူ ဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်၏။
ထို့နောက် ထိုရဟန်းတို့အား “ ဤအသျှင်အာနန္ဒာကား မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကုန်၍ အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်၏။
ထို့နောက် ထိုရဟန်းတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာနှင့် အတူတကွ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော်အသျှင်အာနန္ဒာအား ဤစကားကို ဆိုကြကုန်၏— ငါ့သျှင်အာနန္ဒာ ငါတို့အား မြတ်စွာဘုရားသည်”ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါမဆို၊ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို”ဟု ဤအကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူခဲ့ပါ၏။ ငါ့သျှင် အာနန္ဒာ မြတ်စွာဘုရား ကြွသွား၍ ့မကြာမြင့်မီ ငါတို့အား ဤသို့ အကြံ ဖြစ်ပါ၏—
“မြတ်စွာဘုရားသည် ‘ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင် အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို၊ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုအပ်၏ဟု ငါ မဆို’ဟု ဤအကျဉ်းအားဖြင့် ညွှန်ပြချက်ကို ငါတို့အား ညွှန်ပြတော်မူပြီးလျှင်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူခဲ့ပါ၏။ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူ ဝေဖန်နိုင်ရာသနည်း”ဟု အကြံဖြစ်ပါ၏။ ငါ့သျှင်အာနန္ဒာ ထိုငါတို့အား ဤသို့ အကြံ ဖြစ်ပေါ်ခဲ့ပြန်ပါ၏—ိံ”ငါ့သျှင်တို့ ဤအသျှင်အာနန္ဒာကား မြတ်စွာဘုရားသည်လည်း ချီးမွမ်းအပ်၏၊ ပညာရှိသီတင်းသုံးဖော်တို့လည်း မြှောက်စားအပ်၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကိုအကျယ် အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာ အား ဤအနက်အဓိပ္ပါယ်ကို မေးကြရမူ ကောင်းလေစွ”ဟု အကြံ ဖြစ်ပေါ်ခဲ့ပါ၏။
အသျှင်အာနန္ဒာသည် ဝေဖန်ဟောကြားတော်မူပါဟု ဆိုကြကုန်၏။
ငါ့သျှင်တို့ ယောကျာ်းသည် အနှစ်ကို အလိုရှိသည်ဖြစ်၍ အနှစ်ကို ရှာလေ့ရှိသည်ဖြစ်၍ အနှစ်ရှာရန်သွားသည်ရှိသော် အနှစ်ရှိသည်ဖြစ်၍ တည်နေသော သစ်ပင်ကြီး၏ အမြစ်ကို ကျော်လွန်၍ သာလျှင်ပင်စည်ကို ကျော်လွန်၍ သာလျှင် အခက်အရွက်၌ အနှစ်ကို ရှာသင့်၏ဟု ထင်သကဲ့သို့ ဤအတူမြတ်စွာဘုရားသည် အသျှင်တို့၏ မျက်မှောက်၌ ရှိသည်ဖြစ်ပါလျက် ထိုမြတ်စွာဘုရားကို ကျော်လွန်၍ အကျွန်ုပ်တို့အား ဤအနက်အဓိပ္ပါယ်ကို မေးသင့်သည်ဟု မှတ်ထင်ကြကုန်ဘိ၏။
ငါ့သျှင်တို့ ထိုမြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူ၏၊ မြင်သင့်သည်ကို မြင်တော်မူ၏၊ မျက်လုံးသဖွယ် ဖြစ်တော်မူ၏၊ ဉာဏ်တုံးဉာဏ်ခဲ ဖြစ်တော်မူ၏၊ တရားတုံးတရားခဲ ဖြစ်တော်မူ၏၊ ဗြဟ္မာဖြစ်တော်မူ၏၊ ဟောပြတော်မူတတ်၏၊ တရားကို ဖြစ်စေတော်မူတတ်၏၊ အကျိုးစီးပွားကို ထုတ်ဆောင်တော်မူတတ်၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်၏၊ တရားရှင် ဖြစ်တော်မူ၏၊ ရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူ၏၊ ယခုအခါသည်ကား မြတ်စွာဘုရားအားသာလျှင် ဤအနက်အဓိပ္ပါယ်ကိုမေးမြန်း ကြရန် အခါ ဖြစ်ခဲ့၏၊ မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း သင်တို့မှတ်ကြကုန်လော့ဟု ဤ စကားကို ဆို၏။
ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရားသည် သိသင့်သည်ကို သိတော်မူပါ၏၊ မြင်သင့်သည်ကို မြင်တော်မူပါ၏၊ မျက်လုံးသဖွယ် ဖြစ်တော်မူပါ၏၊ ဉာဏ်တုံးဉာဏ်ခဲ ဖြစ်တော်မူပါ၏၊ တရားတုံးတရားခဲ ဖြစ်တော်မူပါ၏၊ ဗြဟ္မာ ဖြစ်တော်မူပါ၏၊ ဟောပြတော်မူတတ်ပါ၏၊ တရားကို ဖြစ်စေတော်မူတတ်ပါ၏၊ အကျိုး စီးပွားကိုထုတ်ဆောင်တော်မူတတ်ပါ၏၊ အမြိုက်နိဗ္ဗာန်ကို ပေးတော်မူတတ်ပါ၏၊ တရားရှင် ဖြစ်တော်မူပါ ပေ၏၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူပါ၏၊ ယခုအခါသည်ကား မြတ်စွာဘုရားအားသာလျှင် ဤအနက်အဓိပ္ပါယ်ကို မေးမြန်းကြရန် အခါ ဖြစ်ခဲ့ပါ၏၊ မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်းငါတို့ မှတ်ကြပါကုန်အံ့။
သို့သော်လည်း အသျှင်အာနန္ဒာကို မြတ်စွာဘုရားသည်လည်း ချီးမွမ်းတော်မူအပ်ပါ၏၊ ပညာရှိသီတင်းသုံးဖော်တို့သည်လည်း မြှောက်စားအပ်ပါ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်သေးသော အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက် အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ အသျှင်အာနန္ဒာသည် ဝန်မလေးမူ၍ ဝေဖန် ဟောကြားတော်မူပါလော့ဟု ပြောဆိုကုန်၏။ ငါ့ရှင်တို့သို့ဖြစ်လျှင် နားထောင်ကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပြအံ့ဟု မိန့်ဆို၏။
“ငါ့သျှင်အာနန္ဒာ ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ကြကုန်၏။
အသျှင်အာနန္ဒာသည် ဤ စကားကို မိန့်ဆို၏—
ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကိုသိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟူ၍ ငါ မဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို “ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကိုညွှန်ပြတော်မူပြီး၍ အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာကျောင်းတော်သို့ ဝင်တော်မူခဲ့၏။
ငါ့သျှင်တို့ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်ဘဲ အကျဉ်းအားဖြင့်ညွှန်ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အကျွန်ုပ် သိပါ၏—
ငါ့သျှင်တို့ သတ္တလောက၌ အကြင်အရာကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏၊ ဤအရာကို မြတ်စွာဘုရား၏ အဆုံးအမ၌ လောကဟု ဆိုအပ်၏၊ ငါ့သျှင်တို့ သတ္တလောက၌ အဘယ်အရာ ကြောင့် လောကဟု အမှတ်ရှိသနည်း၊ လောကဟု အထင်ရှိသနည်း။ ငါ့သျှင်တို့သတ္တလောက၌ မျက်စိ ကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏၊ ငါ့သျှင်တို့ နားကြောင့်။ ငါ့သျှင်တို့ နှာခေါင်း ကြောင့်။ ငါ့သျှင်တို့ လျှာကြောင့်။ ငါ့သျှင်တို့ကိုယ်ကြောင့်။ ငါ့သျှင်တို့သတ္တလောက၌ စိတ်ကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏။ ငါ့သျှင်တို့ လောက၌ အကြင်အရာကြောင့် လောကဟု အမှတ်ရှိ၏၊ လောကဟု အထင်ရှိ၏၊ ဤအရာကို မြတ်စွာဘုရား၏အဆုံးအမ၌ လောကဟု ဆိုအပ်၏။
ငါ့သျှင်တို့ သင်တို့အား မြတ်စွာဘုရားသည် “ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကိုသိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟု ငါ မဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်းဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို “ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြတော်မူပြီး လျှင်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်ခဲ့၏။
ငါ့သျှင်တို့ မြတ်စွာဘုရားသည် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်အပ်ဘဲ အကျဉ်းအားဖြင့်ညွှန် ပြအပ်သော ဤညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို ဤသို့ အကျယ်အားဖြင့် အကျွန်ုပ် သိရပါ၏၊ အသျှင်တို့သည် အလိုရှိကြပါမူ မြတ်စွာဘုရားသို့သာ ချဉ်းကပ်ကြပြီးလျှင် ဤအနက်အဓိပ္ပါယ်ကိုမေးလျှောက်ကြပါ ကုန်၊ သင်တို့အား မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအနက်အဓိပ္ပါယ်ကိုမှတ်သားကြပါကုန်ဟု မိန့်ဆို၏။
“ငါ့သျှင်အာနန္ဒာ ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် အသျှင်အာနန္ဒာ၏ စကားကို ဝန်ခံကြပြီးလျှင်နေရာ မှထကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးနောက် မြတ်စွာဘုရားကို ရှိခိုးကြကုန်၍ တစ်ခုသောနေရာ၌ ထိုင်နေကြပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်ထားကြကုန်၏—
“အသျှင်ဘုရား မြတ်စွာဘုရားသည် တပည့်တော်တို့အား ‘ ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့်လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟု ငါ မဆို။ ရဟန်းတို့ လောက၏အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ မဆို ‘ဟု အကျဉ်းအားဖြင့်ညွှန်ပြချက်ကို ညွှန် ပြတော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို ဝေဖန်တော်မမူဘဲ နေရာမှထကာ ကျောင်းတော် သို့ ဝင်ခဲ့ပါ၏။ အသျှင်ဘုရား တပည့်တော်တို့အား မြတ်စွာဘုရားကြွသွားတော်မူ၍ မကြာမြင့်မီ ဤသို့ အကြံ ဖြစ်ပါ၏— “ငါ့သျှင်တို့ ငါတို့အား မြတ်စွာဘုရားသည်’ရဟန်းတို့ (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ဟု ငါမဆို။ ရဟန်းတို့ လောက၏ အဆုံးသို့ မရောက်ဘဲလည်း ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုအပ်၏ဟု ငါ့မဆို’ဟု အကျဉ်းအားဖြင့် ညွှန်ပြချက်ကို ညွှန်ပြ တော်မူပြီးလျှင် အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကိုဝေဖန်တော်မမူဘဲ နေရာမှ ထကာ ကျောင်းတော်သို့ ဝင်တော်မူခဲ့ပါ၏။ မြတ်စွာဘုရားသည်အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤညွှန်ပြချက်၏အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သူ ဝေဖန်နိုင်ရာသနည်း”ဟု အကြံ ဖြစ်ပေါ်ခဲ့ပါ၏။
အသျှင်ဘုရား ထိုတပည့်တော်တို့အား ဤသို့ အကြံ ဖြစ်ပြန်ပါ၏— “ ဤအသျှင်အာနန္ဒာကို မြတ်စွာဘုရားလည်း ချီးမွမ်းအပ်ပါ၏၊ ပညာရှိသီတင်းသုံးဖော်တို့လည်း မြှောက်စားအပ်ပါ၏၊ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား အကျယ်အားဖြင့် အနက်အဓိပ္ပါယ်ကို မဝေဖန်ဘဲ အကျဉ်းအားဖြင့် ညွှန်ပြအပ်သော ဤအကျဉ်းညွှန်ပြချက်၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် ဝေဖန်ခြင်းငှါလည်း စွမ်းနိုင်ပါ၏၊ ငါတို့သည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကိုမေးကြရမူ ကောင်း လေစွ”ဟု အကြံ ဖြစ်ပြန်ပါ၏။ အသျှင်ဘုရား ထိုအခါ တပည့်တော်တို့သည်အသျှင်အာနန္ဒာထံသို့ ချဉ်း ကပ်ကြပြီးလျှင် အသျှင်အာနန္ဒာအား ဤအနက်အဓိပ္ပါယ်ကိုမေးမြန်းကြပါကုန်၏၊ အသျှင်ဘုရား တပည့် တော်တို့အား အသျှင်အာနန္ဒာသည် ဤအကြောင်းအခြင်းအရာတို့ဖြင့် ဤပုဒ်တို့ဖြင့် ဤသဒ္ဒါတို့ဖြင့် အနက် အဓိပ္ပါယ်ကိုဝေဖန်ပြအပ်ပါ၏ “ဟု ဤစကားကို လျှောက်ထားကြကုန်၏။
ရဟန်းတို့ အာနန္ဒာသည် ပညာရှိပေ၏၊ ရဟန်းတို့ အာနန္ဒာသည် ပညာကြီးပေ၏၊ ရဟန်းတို့သင်တို့သည် ငါဘုရားကိုလည်း ဤအနက်အဓိပ္ပါယ်ကို မေးလျှောက်ခဲ့မူ ငါဘုရားသည်လည်း အာနန္ဒာဖြေဆိုသည့်အတိုင်းသာလျှင် ထိုအနက်အဓိပ္ပါယ်ကို ဖြေဆိုရာ၏။ ဤသည်ပင် ထိုအကျဉ်းညွှန်ပြချက်၏အနက်အဓိပ္ပါယ်တည်း၊ ဤသို့သာ ထိုအနက်အဓိပ္ပါယ်ကို မှတ်ကြကုန်ရာ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။