သံယုတ္တနိကာယ်—၃၅

(၁၂) ၂—လောကကာမဂုဏဝဂ်

၂—ဒုတိယ မာရပါသသုတ်

၁၁၅။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူရဟန်းတို့ ဤရဟန်းကို စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့၌ အနှောင်အဖွဲ့ခံရသူ၊ မာရ်၏နေရာအိမ်သို့ ရောက်နေရသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံနေရပြီ၊ ယုတ်မာသောမာရ်၏ အလိုရှိတိုင်း အပြုခံနေရပြီ။ပ။

ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။

ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော တရားတို့၌ အနှောင်အဖွဲ့ခံရသူ၊ မာရ်၏ နေရာအိမ်သို့ရောက်နေရသူ၊ မာရ်၏ အလိုသို့ လိုက်နေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်း၌ ) စွပ်ထားသူဟုဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ခံရပြီ၊ ယုတ်မာသော မာရ်၏ အလိုရှိတိုင်းအပြုခံနေရပြီ။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ့ရဟန်းတို့ ဤရဟန်းကို စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့မှ လွတ်မြောက်သူ၊ မာရ်၏နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက် မနေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထားပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသောမာရ်၏ အလိုရှိတိုင်း အပြု မခံရတော့ပြီ။ပ။

ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွါးစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။

ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့မှ လွတ်မြောက်သူ၊ မာရ်၏ နေရာအိမ်သို့ ရောက်မနေသူ၊ မာရ်၏ အလိုသို့ လိုက်မနေရသူ၊ မာရ်၏ ကျော့ကွင်းကို (လည်ပင်းမှ) ချွတ်ထား ပြီးသူဟု ဆိုအပ်၏။ ထိုရဟန်းသည် မာရ်၏ အနှောင်အဖွဲ့မှ လွတ်မြောက်ပြီ၊ ယုတ်မာသောမာရ်၏ အလို ရှိတိုင်း အပြု မခံရတော့ပြီဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။