သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၁၂—ဗာဟိရာနတ္တာတီတာနာဂတသုတ်

၁၂။ ရဟန်းတို့ အတိတ် အနာဂတ်ဖြစ်ကုန်သော အဆင်းတို့သည်ကိုယ် ‘အတ္တ’ မဟုတ်ကုန်၊ ပစ္စုပ္ပန်အဆင်းတို့၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သော အဆင်းတို့၌ ငဲ့ကွက်မှုကင်း၏၊ အနာဂတ်ဖြစ်ကုန်သော အဆင်းတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော အဆင်းတို့ကိုငြီးငွေ့ခြင်းငှါ စွဲ မက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့ အထိတို့သည်။ အတိတ် အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့သည်ကိုယ်’အတ္တ’ မဟုတ်ကုန်၊ ပစ္စုပ္ပန် သဘောတရားတို့၏ကိုယ် ‘အတ္တ’ မဟုတ်မှု၌ ကား အဘယ်ဆိုဖွယ်ရာရှိမည်နည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အတိတ်ဖြစ်ကုန်သောသဘောတရားတို့၌ ငဲ့ကွက်မှု ကင်း၏၊ အနာဂတ်ဖြစ်ကုန်သော သဘောတရားတို့ကို မနှစ်သက်၊ ပစ္စုပ္ပန်ဖြစ်ကုန်သော သဘောတရား တို့ကို ငြီးငွေ့ခြင်းငှါ စွဲမက်မှု ကင်းခြင်းငှါ ချုပ်ငြိမ်းခြင်းငှါ ကျင့်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ရှေးဦးစွာသော အနိစ္စဝဂ် ပြီး၏။