သံယုတ္တနိကာယ်—၃၅
၂—ယမကဝဂ်
၁—ပဌမ ပုဗ္ဗေသမ္ဗောဓသုတ်
၁၃။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဉ် ငါ့အား ဤသို့ အကြံ ဖြစ်၏ — “အဘယ်သည် မျက်စိ၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် နား၏။
အဘယ်သည် နှာခေါင်း၏။ အဘယ်သည် လျှာ၏။ အဘယ်သည်ကိုယ်၏။ အဘယ်သည် စိတ်၏သာယာဖွယ် ဖြစ်သ နည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း”ဟု အကြံ ဖြစ်၏။
ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏ —မျက်စိကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် မျက်စိ၏ သာယာဖွယ်တည်း၊ မျက်စိ၏ မမြဲခြင်း ဆင်းရဲခြင်းဖောက်ပြန်ခြင်းသဘောသည် မျက်စိ၏ အပြစ်တည်း၊ မျက်စိ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း့ပယ်ခြင်းသည် မျက်စိ၏ ထွက်မြောက်ရာတည်း။ နားကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ နှာခေါင်းကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ လျှာကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် လျှာ၏သာယာဖွယ်တည်း၊ လျှာ၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် လျှာ၏ အပြစ်တည်း၊ လျှာ၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ဖျောက်ခြင်း ပယ်ခြင်းသည် လျှာ၏ ထွက်မြောက်ရာတည်း။ကိုယ်ကိုစွဲ၍ ဖြစ်ပေါ်လာသော။ပ။ စိတ်ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် စိတ်၏သာယာဖွယ်တည်း၊ စိတ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် စိတ်၏ အပြစ်တည်း၊ စိတ်၌ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ဖျောက်ခြင်း ပယ်ခြင်းသည် စိတ်၏ ထွက်မြောက်ရာတည်း။
ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။
ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ ‘အဇ္ဈတ္တိကာယတန’တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာ တှို့မှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။
ပဌမသုတ်။