သံယုတ္တနိကာယ်—၃၅
(၁၅) ၅—နဝပုရာဏဝဂ်
၄—အနတ္တနိဗ္ဗာနသပ္ပါယသုတ်
၁၄၉။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြ ကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိသည် အတ္တ မဟုတ်ဟု ရှု၏၊ အဆင်းတို့သည် အတ္တမဟုတ်ကုန်ဟု ရှု၏၊ စက္ခုဝိညာဏ်သည် အတ္တ မဟုတ်ဟု ရှု၏၊ စက္ခုသမ္ဖဿသည် အတ္တ မဟုတ်ဟုရှု၏၊ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်ဟု ရှု၏။ပ။
လျှာသည် အတ္တ မဟုတ်ဟု ရှု၏၊ အရသာတို့သည် အတ္တ မဟုတ်ကုန်ဟု ရှု၏၊ ဇိဝှါဝိညာဏ်သည်အတ္တ မဟုတ်ဟု ရှု၏၊ ဇိဝှါသမ္ဖဿသည် အတ္တ မဟုတ်ဟု ရှု၏၊ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်ဟု ရှု၏။ပ။
စိတ်သည် အတ္တ မဟုတ်ဟု ရှု၏၊ သဘောတရားတို့သည် အတ္တ မဟုတ်ကုန်ဟု ရှု၏၊ မနောဝိညာဏ်သည် အတ္တ မဟုတ်ဟု ရှု၏၊ မနောသမ္ဖဿသည် အတ္တ မဟုတ်ဟု ရှု၏၊ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်ဟု့ရှု၏။ ရဟန်းတို့ ဤသို့လျှင် နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။