သံယုတ္တနိကာယ်—၃၅
(၁၅) ၅—နဝပုရာဏဝဂ်
၅—နိဗ္ဗာနသပ္ပါယပဋိပဒါသုတ်
၁၅ဝ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော အကျင့်ကို သင်တို့အား ဟောပေအံ့၊ ထိုတရားကိုနာကြကုန်လော့။ပ။ ရဟန်းတို့ နိဗ္ဗာန်အား လျောက်ပတ်သော ထိုအကျင့်သည် အဘယ်နည်း။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း။ မျက်စိသည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ မမြဲသော မျက်စိသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသောဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော မျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာ ဖြစ်၏၊ ဤမျက်စိသည် ငါ ဖြစ်၏၊ ဤမျက်စိသည် ငါ၏ အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။ အဆင်းတို့သည် မြဲကုန်သလော၊ မမြဲကုန်သလော။ မမြဲကုန်ပါ အသျှင်ဘုရား။ မမြဲသော အဆင်းသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ စက္ခုဝိညာဏ်သည်။ စက္ခုသမ္ဖဿသည်။ပ။
မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ မမြဲသော ဝေဒနာသည် ဆင်းရဲလော၊ ချမ်းသာလော။ ဆင်းရဲပါ အသျှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသောဝေဒနာကို “ ဤဝေဒနာသည် ငါ၏ ဥစ္စာ ဖြစ်၏၊ ဤဝေဒနာသည် ငါ ဖြစ်၏၊ ဤဝေဒနာသည် ငါ၏အတ္တတည်း”ဟု ရှုခြင်းငှါ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အသျှင်ဘုရား။
ရဟန်းတို့ ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် မျက်စိ၌လည်း ငြီးငွေ့၏။ပ။ အဆင်းတို့၌လည်း ငြီးငွေ့၏၊ စက္ခုဝိညာဏ်၌လည်း ငြီးငွေ့၏၊ စက္ခုသမ္ဖဿ၌လည်း ငြီးငွေ့၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာ၌လည်းငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှု ကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏။ ရဟန်းတို့ ဤသည်လျှင် နိဗ္ဗာန်အားလျောက်ပတ်သော အကျင့်တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။