သံယုတ္တနိကာယ်—၃၅

(၁၆) ၁—နန္ဒိက္ခယဝဂ်

၂—ဗာဟိရနန္ဒိက္ခယသုတ်

၁၅၇။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်ကုန်သော အဆင်းတို့ကို မမြဲကုန်ဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည် မှန်ကန်စွာ မြင်ခြင်း’သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု့စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်ကုန်သော အသံတို့ကို။ အနံ့တို့ကို။ အရသာတို့ကို။ အတွေ့အထိတို့ကို။ သဘောတရားတို့ကို မမြဲကုန်ဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည် မှန်ကန်စွာမြင်ခြင်း’သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်းကြောင့် စွဲမက်မှုကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်းကြောင့် စိတ်သည်ကောင်းစွာ လွတ်မြောက်ပြီဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။