သံယုတ္တနိကာယ်—၃၅
(၁၆) ၁—နန္ဒိက္ခယဝဂ်
၁—အဇ္ဈတ္တနန္ဒိက္ခယသုတ်
၁၅၆။ ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော မျက်စိကို မမြဲဟု ရှု၏၊ ထိုရဟန်း၏ထိုသို့ရှုခြင်းသည် မှန်ကန်စွာ မြင်ခြင်း’သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှုကုန်ခြင်းကြောင့် စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏။ နှစ်သက်မှု စွဲမက်မှုကုန်ခြင်းကြောင့် စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။ပ။
ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော လျှာကို မမြဲဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည်မှန်ကန်စွာ မြင်ခြင်း’သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်း ကြောင့်စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့်။ပ။ စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟု ဆိုအပ်၏။
ရဟန်းတို့ ရဟန်းသည် မမြဲသည်သာ ဖြစ်သော စိတ်ကို မမြဲဟု ရှု၏၊ ထိုရဟန်း၏ ထိုသို့ရှုခြင်းသည်မှန်ကန်စွာ မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’ ဖြစ်၏၊ မှန်ကန်စွာ မြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခြင်း ကြောင့်စွဲမက်မှု ကုန်၏၊ စွဲမက်မှု ကုန်ခြင်းကြောင့် နှစ်သက်မှု ကုန်၏၊ နှစ်သက်မှု စွဲမက်မှု ကုန်ခြင်း ကြောင့်စိတ်သည် ကောင်းစွာ လွတ်မြောက်ပြီဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။