သံယုတ္တနိကာယ်—၃၅

(၁၆) ၁—နန္ဒိက္ခယဝဂ်

၇—ကောဋ္ဌိကအနိစ္စသုတ်

၁၆၂။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ့ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော်ကို နာကြားပြီးသော် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လရှိသည် ဖြစ်၍ (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏”ဟု လျှောက်၏။

ကောဋ္ဌိက အကြင်တရားသည် မမြဲ၊ ထိုတရား၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ကောဋ္ဌိကမမြဲသော တရားဟူသည် အဘယ်နည်း။ ကောဋ္ဌိက မျက်စိသည် မမြဲ၊ ထိုမမြဲသော မျက်စိ၌ သင်သည်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည် မမြဲကုန်၊ ထိုမမြဲသော အဆင်းတို့၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ စက္ခုဝိညာဏ်သည် မမြဲ၊ ထိုမမြဲသော စက္ခုဝိညာဏ်၌ သင်သည် လိုချင်မှု’ဆန္ဒ’ကိုပယ်ရမည်။ စက္ခုသမ္ဖဿသည် မမြဲ၊ ထိုမမြဲသော စက္ခုသမ္ဖဿ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည်လည်း မမြဲ၊ ထိုမမြဲသော ဝေဒနာ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ပ။

လျှာသည် မမြဲ၊ ထိုမမြဲသော လျှာ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ အရသာတို့သည်မမြဲကုန်၊ ထိုမမြဲသော အရသာတို့၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ဇိဝှါဝိညာဏ်သည် မမြဲ၊ ထိုမမြဲသော ဇိဝှါဝိညာဏ်၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ဇိဝှါသမ္ဖဿသည် မမြဲ၊ ထိုမမြဲသောဇိဝှါသမ္ဖဿ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ၊ ထိုမမြဲသော ဝေဒနာ၌ သင်သည်လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ပ။

စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ သဘောတရားတို့သည်မမြဲကုန်၊ ထိုမမြဲသော သဘောတရားတို့၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ မနောဝိညာဏ်သည်မမြဲ၊ ထိုမမြဲသော မနောဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ မနောသမ္ဖဿသည် မမြဲ၊ ထိုမမြဲသော မနောသမ္ဖဿ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း မမြဲ၊ ထိုမမြဲသောဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ကောဋ္ဌိက အကြင်တရားသည် မမြဲ၊ ထိုတရား၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။