သံယုတ္တနိကာယ်—၃၅

(၁၆) ၁—နန္ဒိက္ခယဝဂ်

၈—ကောဋ္ဌိကဒုက္ခသုတ်

၁၆၃။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည်။ပ။ မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏—“အသျှင်ဘုရား တောင်းပန်ပါ၏၊ ပ။ နေလိုပါ၏”ဟု လျှောက်၏။ ကောဋ္ဌိကအကြင်တရားသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ ကောဋ္ဌိက ဆင်းရဲသော တရားဟူသည် အဘယ်နည်း။

ကောဋ္ဌိက မျက်စိသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မျက်စိ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ အဆင်းတို့သည် ဆင်းရဲကုန်၏၊ ထိုဆင်းရဲသော အဆင်းတို့၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုဝိညာဏ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲသော စက္ခုဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော စက္ခုသမ္ဖဿ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲ၏၊ ထိုဆင်းရဲသော ဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။

လျှာသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော လျှာ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ပ။ စိတ်သည့်ဆင်းရဲ၏၊ ထိုဆင်းရဲသော စိတ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ သဘောတရားတို့သည် ဆင်းရဲကုန်၏၊ ထိုဆင်းရဲသော သဘောတရားတို့၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ မနောဝိညာဏ်သည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မနောဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ မနောသမ္ဖဿသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မနောသမ္ဖဿ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ မနောသမ္ဖဿ ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာသည်လည်း ဆင်းရဲ၏၊ ထိုဆင်းရဲသော ဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ ကောဋ္ဌိက အကြင်တရားကား ဆင်းရဲ၏၊ ထိုဆင်းရဲသော တရား၌ သင်သည်လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။