သံယုတ္တနိကာယ်—၃၅
(၁၆) ၁—နန္ဒိက္ခယဝဂ်
၉—ကောဋ္ဌိကအနတ္တသုတ်
၁၆၄။ အခါတစ်ပါး၌ ။ပ။ နေလိုပါ၏ဟု လျှောက်၏။ ကောဋ္ဌိက အကြင်တရားကား အတ္တ မဟုတ်၊ ထိုအတ္တ မဟုတ်သော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ ကောဋ္ဌိက အတ္တမဟုတ်သောတရားဟူသည် အဘယ်နည်း။
ကောဋ္ဌိက မျက်စိသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော မျက်စိ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကိုပယ်ရမည်။ အဆင်းတို့သည် အတ္တ မဟုတ်ကုန်၊ ထိုအတ္တမဟုတ်သော တရား၌ သင်သည်လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ စက္ခုဝိညာဏ်သည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော စက္ခုဝိညာဏ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သောစက္ခုသမ္ဖဿ၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့်ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာ ဝေဒနာသည်လည်း အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သောဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ပ။
လျှာသည် အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော လျှာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ပ။ စိတ်သည် ကိုယ် ‘အတ္တ’ မဟုတ်၊ ထိုအတ္တမဟုတ်သော စိတ်၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ သဘောတရားတို့သည် အတ္တ မဟုတ်ကုန်၊ ထိုအတ္တမဟုတ်သော သဘောတရားတို့၌ သင်သည် လိုချင်မှု’ဆန္ဒ’ကို ပယ်ရမည်။ မနောဝိညာဏ်သည်။ မနောသမ္ဖဿသည်။ မနောသမ္ဖဿဟူသောအကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည်လည်း အတ္တ မဟုတ်၊ ထိုအတ္တမဟုတ်သော ဝေဒနာ၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်။ ကောဋ္ဌိက အကြင်တရားကားအတ္တ မဟုတ်၊ ထိုအတ္တ မဟုတ်သော တရား၌ သင်သည် လိုချင်မှု ‘ဆန္ဒ’ ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။
နဝမသုတ်။