သံယုတ္တနိကာယ်—၃၅

(၁၆) ၁—နန္ဒိက္ခယဝဂ်

၁ဝ—မိစ္ဆာဒိဋ္ဌိပဟာနသုတ်

၁၆၅။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား “အသျှင်ဘုရား အဘယ်သို့ သိသူ အဘယ်သို့ မြင်သူအား မှားသောအယူ ‘မိစ္ဆာဒိဋ္ဌိ’ ပျောက်ကင်းပါသနည်း”ဟု လျှောက်၏။

ရဟန်း မျက်စိကို မမြဲဟု သိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏။ စက္ခုဝိညာဏ်ကို မမြဲဟုသိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏။ စက္ခုသမ္ဖဿကို မမြဲဟု သိသူ မြင်သူအား မှားသောအယူ ပျောက်ကင်း၏။ စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခဥပေက္ခာဝေဒနာကိုလည်း မမြဲဟု သိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏။ ရဟန်း ဤသို့သိသူ မြင်သူအား မှားသော အယူ ပျောက်ကင်း၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။