သံယုတ္တနိကာယ်—၃၅
(၁၆) ၁—နန္ဒိက္ခယဝဂ်
၁၁—သက္ကာယဒိဋ္ဌိပဟာနသုတ်
၁၆၆။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏— “အသျှင်ဘုရား အဘယ်သို့ သိသူအဘယ်သို့ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား’သက္ကာယဒိဋ္ဌိ’ ပျောက်ကင်းပါသနည်း”ဟု လျှောက်၏။
ရဟန်း မျက်စိကို ဆင်းရဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။
အဆင်းတို့ကို ဆင်းရဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။
စက္ခုဝိညာဏ်ကို ဆင်းရဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုသမ္ဖဿကို ဆင်းရဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်းဆင်းရဲဟု သိသူ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏။
ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား ခန္ဓာကိုယ်၌ အယူမှား ‘သက္ကာယဒိဋ္ဌိ’ ပျောက်ကင်း၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။