သံယုတ္တနိကာယ်—၃၅

(၁၆) ၁—နန္ဒိက္ခယဝဂ်

၁၂—အတ္တာနုဒိဋ္ဌိပဟာနသုတ်

၁၆၇။ ထိုအခါ ရဟန်းတစ်ပါးသည်။ပ။ ဤစကားကို လျှောက်၏— “အသျှင်ဘုရား အဘယ်သို့ သိသူအဘယ်သို့ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်းပါသနည်း”ဟုလျှောက်၏။

ရဟန်း မျက်စိကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား’အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ အဆင်းတို့ကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုဝိညာဏ်ကို အတ္တ မဟုတ်ဟု သိသူ မြင်သူအားအတ္တ သို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ စက္ခုသမ္ဖဿကို အတ္တ မဟုတ်ဟုသိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။

စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်းအတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ပ။

လျှာကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ပျောက်ကင်း၏။ပ။ စိတ်ကို အတ္တ မဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား’အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။ သဘောတရားတို့ကို။ မနောဝိညာဏ်ကို။ မနောသမ္ဖဿကို။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာကိုလည်း အတ္တမဟုတ်ဟု သိသူ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ ပျောက်ကင်း၏။

ရဟန်း ဤသို့ သိသူ ဤသို့ မြင်သူအား အတ္တသို့ အစဉ်လိုက်သော အယူမှား ‘အတ္တာနုဒိဋ္ဌိ’ပျောက်ကင်း၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

ရှေးဦးစွာသော နန္ဒိက္ခယဝဂ် ပြီး၏။