သံယုတ္တနိကာယ်—၃၅

(၁၈) ၃—သမုဒ္ဒဝဂ်

၃—ဗာဠိသိကောပမသုတ်

၂၃ဝ။ ရဟန်းတို့ ဥပမာသော်ကား တံငါသည်သည် အစာတပ်ထားသော ငါးမျှားချိတ်ကို နက်သောရေအိုင်၌ ချရာ၏၊ ထိုငါးမျှားချိတ်ကို အစာ၌ သာ မျက်စိရှိသော ငါးတစ်ကောင်သည် မျိုရာ၏။ ရဟန်းတို့ ဤသို့လျှင် ထိုငါးသည် တံငါသည်၏ ငါးမျှားချိတ်ကို မျိုမိသည်ဖြစ်၍ အကျိုးမဲ့သို့ ရောက်၏၊ ပျက်စီးခြင်း့သို့ ရောက်၏၊ တံငါသည်၏ အလိုရှိတိုင်း အပြုခံရ၏။

ရဟန်းတို့ ဤအတူပင် လောက၌ သတ္တဝါတို့ အကျိုးမဲ့ရန် သတ္တဝါတို့ကို သတ်ဖြတ်ရန် ငါးမျှားချိတ်တို့သည် ခြောက်မျိုးတို့တည်း။ ခြောက်မျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ အလိုရှိအပ်ကုန်နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကိုရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ရဟန်းတို့ ဤရဟန်းကို မာရ်နတ်၏ငါးမျှားချိတ်ကို မျိုမိသည် ဖြစ်၍ အကျိုးမဲ့သို့ ရောက်သူ, ပျက်စီးခြင်းသို့ ရောက်သူ, မာရ်မင်း၏ အလိုရှိတိုင်း အပြုခံရသူဟု ဆိုအပ်၏။ပ။ ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည်ရှိကုန်၏။ပ။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။ ထိုသဘောတရားကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ဤရဟန်းကို မာရ်၏ ငါးမျှားချိတ်ကို မျိုမိသည်ဖြစ်၍ အကျိုးမဲ့သို့ ရောက်သူ, ပျက်စီးခြင်းသို့ရောက်သူ, မာရ်မင်း၏ အလိုရှိတိုင်း အပြုခံရသူဟု ဆိုအပ်၏။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သော အဆင်းတို့သည် ရှိကုန်၏။ ထိုအဆင်းကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ဤရဟန်းကို မာရ်၏ ငါးမျှားချိတ်ကို မမျိုသူ, ငါးမျှားချိတ်ကို ချိုးဖဲ့သူ, ငါးမျှားချိတ်ကို ဖျက်ဆီးသူ,အကျိုးမဲ့သို့ မရောက်သူ, ပျက်စီးခြင်းသို့ မရောက်သူ မာရ်မင်း၏ အလိုရှိတိုင်း အပြု မခံရသူဟု ဆိုအပ်၏။ပ။

ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။

ထိုသဘောတရားကို ရဟန်းသည် အလွန် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ဤရဟန်းကိုမာရ်၏ ငါးမျှားချိတ်ကို မမျိုသူ, ငါးမျှားချိတ်ကို ချိုးဖဲ့သူ, ငါးမျှားချိတ်ကို ဖျက်ဆီးသူ, အကျိုးမဲ့သို့မရောက်သူ, ပျက်စီးခြင်းသို့ မရောက်သူ မာရ်မင်း၏ အလိုရှိတိုင်း အပြုမခံရသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။