သံယုတ္တနိကာယ်—၃၅

(၁၈) ၃—သမုဒ္ဒဝဂ်

၂—ဒုတိယ သမုဒ္ဒသုတ်

၂၂၉။ ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်သည် “သမုဒ္ဒရာ သမုဒ္ဒရာ”ဟု ပြောဆို၏၊ ရဟန်းတို့ ဤသို့ ပြောဆိုအပ်သော အရာသည် မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာ မဟုတ်။ ရဟန်းတို့ ဤသို့ ပြောဆိုအပ်သော အရာသည် ကြီးကျယ်များပြားသော ရေအစုသာ ဖြစ်၏၊ ကြီးကျယ်များပြားသော ရေအပြင်သာ ဖြစ်၏။

ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန်သော ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော စက္ခုဝိညာဏ်ဖြင့် မြင်အပ်ကုန်သောအဆင်းတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤအဆင်းကို မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာဟု ဆိုအပ်၏။ ဤအဆင်းသမုဒ္ဒရာ၌ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကဟူသော ဤသတ္တဝါအပေါင်းတို့သည် များသောအားဖြင့် နစ်မြုပ်လျက် ‘ချည်ခင်ထွေးကဲ့သို့ ရှုပ်ထွေးလျက်, စာပေါင်းသိုက်ကဲ့သို့ ဖြစ်လျက်, ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ဖြစ်လျက်’ ချမ်းသာ ကင်းသော မကောင်းသော သူတို့၏ လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သောသံသရာကို မလွန်နိုင်။ပ။

ရဟန်းတို့ ဇိဝှါဝိညာဏ်ဖြင့် လျက်အပ်ကုန်သော အရသာတို့သည် ရှိကုန်၏။ပ။ ရဟန်းတို့ အလိုရှိအပ်ကုန် နှစ်သက်အပ်ကုန် စိတ်နှလုံးကို ပွားစေတတ်ကုန် ချစ်ခင်ဖွယ်သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မနောဝိညာဏ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏။

ရဟန်းတို့ ဤသဘောတရားကို မြတ်စွာဘုရား၏ အဆုံးအမ၌ သမုဒ္ဒရာဟု ဆိုအပ်၏၊ ဤသဘောတရားသမုဒ္ဒရာ၌ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောကဟူသော ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် နစ်မြုပ်လျက် ‘ ချည်ခင်ထွေးကဲ့သို့ ရှုပ်ထွေးလျက်, စာပေါင်းသိုက်ကဲ့သို့ ဖြစ်လျက်, ဖြူဆံမြက်ပြိတ်မြက်ကဲ့သို့ ဖြစ်လျက် ‘ ချမ်းသာကင်းသော မကောင်းသော သူတို့၏ လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော သံသရာကို မလွန်နိုင်။

အကြင်သူသည် စွဲမက်မှု ‘ရာဂ’ ကိုလည်းကောင်း၊ ပြစ်မှားမှု ‘ဒေါသ’ ကိုလည်း ကောင်း၊ မသိမှု ‘အဝိဇ္ဇာ’ ကိုလည်းကောင်း ကင်းကွာစေအပ်၏။ ထိုသူသည် ဖမ်းယူ တတ်သော ရေသတ္တဝါအထူးနှင့်တကွ ရေစောင့်ဘီလူးနှင့် တကွ လှိုင်းနှင့် တကွ ဘေးဘျမ်းနှင့် တကွဖြစ်၍ ကူးခပ်နိုင်ခဲသော ဤသမုဒ္ဒရာကို ကူးမြောက်နိုင်၏။

ထိုသူသည် (ကိလေသာ) အငြိအတွယ်ကို လွန်မြောက်၏၊ သေမင်းကို စွန့်လွှတ်၏၊ ဥပဓိသုံးမျိုး မရှိ၊ တစ်ဖန် မဖြစ်ခြင်းငှါ ဆင်းရဲကို ပယ်ပြီ၊ ချုပ်ခြင်းသို့ ရောက်သည်ဖြစ်၍ တစ်ဖန် ပြန်မဖြစ်နိုင်၊ သေမင်းကို တွေဝေစေပြီးသောသူဟု ငါ ဆို၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။