သံယုတ္တနိကာယ်—၃၅
(၁၈) ၃—သမုဒ္ဒဝဂ်
၅—ကောဋ္ဌိကသုတ်
၂၃၂။ အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူကြကုန်၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထခဲ့၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်အသျှင် သာရိပုတြာအား ဤစကားကို လျှောက်၏—
ငါ့သျှင်သာရိပုတြာ မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’လော၊ အဆင်းတို့သည်မျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’လော။ပ။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’လော၊ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’လော။ပ။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’လော၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’လောဟု လျှောက်၏။
ငါ့သျှင်ကောဋ္ဌိက မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည်မျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်။ အမှန်အားဖြင့်သော်ကား ထိုမျက်စိ အဆင်း နှစ်မျိုးလုံးကိုစွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။ပ။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ် ‘ မဟုတ်၊ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့’သံယောဇဉ်’ မဟုတ်။ အမှန်အားဖြင့်သော်ကား ထိုလျှာ အရသာ နှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ် ‘ မည်၏။ပ။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’မဟုတ်။ အမှန်အားဖြင့်သော်ကား ထိုစိတ် သဘောတရား နှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု’ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။
ငါ့သျှင် ဥပမာသော်ကား နွားနက်နှင့် နွားဖြူတို့ကို တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်လည်းကောင်း၊ လွန်ကြိုးဖြင့်လည်းကောင်း ချည်ထားကုန်ရာ၏။ တစ်စုံတစ်ယောက်သော သူသည်”နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်း”ဟုပြောဆိုရာ၏၊ ထိုသို့ ပြောဆိုသူသည် အမှန်ကို ပြောဆိုသည် မည်ရာသလော။ ငါ့သျှင် မမည်နိုင်ပါ။ ငါ့သျှင် နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနွားနှစ်ကောင်၁တို့ကို တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်လည်းကောင်းလွန်ကြိုးဖြင့်လည်းကောင်း ချည်ထားအပ်ကုန်၏၊ ထိုကြိုး၂သည် ထိုနွားနှစ်ကောင်၌ အနှောင်အဖွဲ့မည်ပါ၏။
ငါ့သျှင် ဤအတူ မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည်မျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သောလိုချင်စွဲမက်မှု ‘ ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။ပ။ လျှာသည် အရသာ့တို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်။ပ။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’မည်၏။
ငါ့သျှင် မျက်စိသည်မူလည်း အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ ဖြစ်ခဲ့မူ အဆင်းတို့သည်မူလည်းမျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ ဖြစ်ခဲ့မူ အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးနေမှုသည် မထင်ရှားနိုင်ရာ။ ငါ့သျှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကိုစွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ ဖြစ်သောကြောင့်အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးနေမှုသည် ထင်ရှား၏။ပ။
ငါ့သျှင် လျှာသည်မူလည်း အရသာတို့၏ အနှောင်အဖွဲ့ ဖြစ်ခဲ့မူ အရသာတို့သည်မူလည်း လျှာ၏အနှောင်အဖွဲ့ ဖြစ်ခဲ့မူ အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးနေမှုသည်မထင်ရှားနိုင်ရာ။ ငါ့သျှင် လျှာသည် အရသာတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အရသာတို့သည်လျှာ၏ အနှောင် အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သောလိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ ဖြစ်သောကြောင့် အကြွင်းမဲ့ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးနေမှုသည် ထင်ရှား၏။ပ။
ငါ့သျှင် စိတ်သည်မူလည်း သဘောတရားတို့၏ အနှောင်အဖွဲ့ ဖြစ်ခဲ့မူ သဘောတရားတို့သည်မူလည်းစိတ်၏ အနှောင်အဖွဲ့ ဖြစ်ခဲ့မူ အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးနေမှုသည်မထင်ရှားနိုင်ရာ။ ငါ့သျှင် စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကိုစွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ ဖြစ်သောကြောင့်အကြွင်းမဲ့ ဆင်းရဲကုန်ခြင်းငှါ ဤအကျင့်မြတ်ကို ကျင့်သုံးနေမှုသည် ထင်ရှား၏။
ငါ့သျှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည် မျက်စိ၏အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။ပ။ လျှာသည် အရသာတို့၏အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်။ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား။ပ။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့’သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏ဟူသောအကြောင်း ကို ဤပရိယာယ်တစ်မျိုးဖြင့်လည်း သိအပ်၏။
ငါ့သျှင် မြတ်စွာဘုရားအား မျက်စိတော် ရှိ၏၊ မြတ်စွာဘုရားသည် မျက်စိဖြင့် အဆင်းကို ရှုကြည့်တော်မူ၏၊ မြတ်စွာဘုရားအား လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ မရှိ၊ မြတ်စွာဘုရားသည် ကိလေသာမှကောင်းစွာ လွတ်မြောက်သော စိတ် ရှိတော်မူ၏။ ငါ့သျှင် မြတ်စွာဘုရားအား နားတော် ရှိ၏၊ မြတ်စွာဘုရားသည် နားဖြင့် အသံကို နားထောင်တော်မူ၏၊ မြတ်စွာဘုရားအားလိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် မရှိ၊ မြတ်စွာ ဘုရားသည် ကိလေသာမှ ကောင်းစွာ လွတ်မြောက်သောစိတ် ရှိတော်မူ၏။ ငါ့သျှင် မြတ်စွာဘုရားအား နှာခေါင်းတော် ရှိ၏၊ မြတ်စွာဘုရားသည်နှာခေါင်းတော်ဖြင့် အနံ့ကို ရှူတော်မူ၏၊ မြတ်စွာဘုရားအား လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် မရှိ၊ မြတ်စွာဘုရားသည် ကိလေသာမှ ကောင်းစွာ လွတ်မြောက်သော စိတ် ရှိတော်မူ၏။ ငါ့သျှင့်မြတ်စွာဘုရားအား လျှာတော် ရှိ၏၊ မြတ်စွာဘုရားသည် လျှာတော်ဖြင့် အရသာကို လျက်တော်မူ၏၊ မြတ်စွာဘုရားအား လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် မရှိ၊ မြတ်စွာဘုရားသည် ကိလေသာမှ ကောင်းစွာလွတ်မြောက်သော စိတ် ရှိတော်မူ၏။ ငါ့သျှင် မြတ်စွာဘုရားအား ကိုယ် ရှိတော်မူ၏၊ မြတ်စွာဘုရားသည် ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိတော်မူ၏၊ မြတ်စွာဘုရားအား လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် မရှိ၊ မြတ်စွာဘုရားသည် ကိလေသာမှ ကောင်းစွာ လွတ်မြောက်သော စိတ် ရှိတော်မူ၏။ ငါ့သျှင်မြတ်စွာဘုရားအား စိတ် ရှိတော်မူ၏၊ မြတ်စွာဘုရားသည် စိတ်တော်ဖြင့် သဘောတရားကို သိတော်မူ၏၊ မြတ်စွာဘုရားအား လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် မရှိ၊ မြတ်စွာဘုရားသည် ကိလေသာမှ ကောင်းစွာလွတ်မြောက်သော စိတ် ရှိတော်မူ၏။
ငါ့သျှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အဆင်းတို့သည် မျက်စိ၏အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။ နားသည်။ နှာခေါင်းသည်။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု’ဆန္ဒရာဂ’သည် ထိုနှစ်မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏။ ကိုယ်သည်။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မဟုတ်၊ သဘောတရားတို့သည် စိတ်၏အနှောင်အဖွဲ့’သံယောဇဉ်’ မဟုတ်၊ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကို စွဲ၍ ဖြစ်သောလိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’သည် ထိုနှစ် မျိုးလုံး၌ အနှောင်အဖွဲ့ ‘သံယောဇဉ်’ မည်၏ဟူသော အကြောင်းကို ဤပရိယာယ်တစ်မျိုးဖြင့် သိအပ်၏ဟု (မိန့်ဆို၏)။
ပဉ္စမသုတ်။
၁။ နွားနှစ်ကောင်သည် = သံယောဇနိယ၊
၂။ ကြိုးသည် = သံယောဇန ‘သံယောဇဉ်’တည်း။