သံယုတ္တနိကာယ်—၃၅

(၁၈) ၃—သမုဒ္ဒဝဂ်

၁ဝ—ဒုတိယ ဟတ္တပါဒေါပမသုတ်

၂၃၇။ ရဟန်းတို့ လက်တို့ ရှိကုန်သော် ယူမှုချထားမှုသည် ဖြစ်၏၊ ခြေတို့ ရှိကုန်သော် ရှေ့သို့တက်မှု နောက်သို့ ဆုတ်မှုသည် ဖြစ်၏၊ အဆစ်တို့ ရှိကုန်သော် ကွေးမှုဆန့်မှုသည် ဖြစ်၏၊ ဝမ်းဗိုက်ရှိသော် ဆာလောင်မှုမွတ်သိပ်မှုသည် ဖြစ်၏။ ရဟန်းတို့ ဤအတူ စက္ခုရှိသော် စက္ခုသမ္ဖဿဟူသောအကြောင်းကြောင့် ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏။ပ။ ဇိဝှါရှိသော်။ပ။ မနောရှိသော်မနောသမ္ဖဿဟူသော အကြောင်းကြောင့် ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် ဖြစ်၏။

ရဟန်းတို့ လက်တို့ မရှိကုန်သော် ယူမှုချထားမှုသည် မဖြစ်နိုင်၊ ခြေတို့ မရှိကုန်သော် ရှေ့သို့ တက်မှုနောက်သို့ ဆုတ်မှုသည် မဖြစ်နိုင်၊ အဆစ်တို့ မရှိကုန်သော် ကွေးမှုဆန့်မှုသည် မဖြစ်နိုင်၊ ဝမ်းဗိုက်မရှိသော် ဆာလောင်မှုမွတ်သိပ်မှုသည် မဖြစ်နိုင်။ ရဟန်းတို့ ဤအတူ စက္ခု မရှိသော် စက္ခုသမ္ဖဿဟူသော အကြောင်းကြောင့် ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် မဖြစ်နိုင်။ပ။ ဇိဝှါ မရှိသော်ဇိဝှါသမ္ဖဿဟူသော အကြောင်းကြောင့် ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် မဖြစ်နိုင်။ပ။ မနောမရှိသော် မနောသမ္ဖဿဟူသော အကြောင်းကြောင့် ကိုယ်တွင်းသန္တာန်၌ ချမ်းသာဆင်းရဲသည် မဖြစ်နိုင်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

သမုဒ္ဒဝဂ် ပြီး၏။