သံယုတ္တနိကာယ်—၃၅
(၁၉) ၄—အာသီဝိသဝဂ်
၁—အာသီဝိသောပမသုတ်
၂၃၈။ ရဟန်းတို့ ဥပမာသော်ကား လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သောပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့သည် ရှိကုန်၏၊ ထိုအခါ အသက်ရှင်လိုသော မသေလိုသော ချမ်းသာကို လိုလားသော ဆင်းရဲကို စက်ဆုပ်သော ယောကျာ်းသည် လာရောက်ရာ၏၊ ထိုယောကျာ်းကို ဤသို့ ဆိုကုန်ရာ၏— “အချင်းယောကျာ်း သင်သည် လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သော ပြင်းထန်သော အဆိပ်ရှိကုန်သော ဤမြွေလေးကောင်တို့ကို အချိန်မှန်မှန် ထစေရမည်၊ အချိန်မှန်မှန် ရေချိုးပေးရမည်၊ အချိန်မှန်မှန် အစာကျွေးရမည်၊ အချိန်မှန်မှန် အိပ်စေရမည်။ အချင်းယောကျာ်း သင့်အား လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သော ပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့တွင် တစ်ကောင်ကောင်သည် အမျက်ထွက်သော အခါ သင်သည့်သေခြင်းသို့ ဖြစ်စေ၊ သေလောက်နီးပါး ဆင်းရဲသို့ဖြစ်စေ ရောက်လတ္တံ့။ အချင်းယောကျာ်း သင်သည်ပြုသင့်ပြုထိုက်သည်ကို ပြုလေလော့”ဟု ဆိုကုန်ရာ၏။
ရဟန်းတို့ ထိုအခါ ထိုယောကျာ်းသည် လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သောပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့မှ ကြောက်လန့်သည် ဖြစ်၍ ထိုထို ဤ ဤခြေဦးတည့် ရာ အရပ်သို့ ပြေးလေရာ၏၊ ထိုယောကျာ်းကို ဤသို့ ဆိုကုန်ရာ၏—“အချင်းယောကျာ်းသင့်ကို တွေ့မြင် ရာ အရပ်၌ သတ်ဖြတ်ကုန်အံ့ဟု ဤရန်သူ လူသတ်သမားငါးဦးတို့သည် နောက်မှနောက်မှ ထက်ကြပ် မကွာ လိုက်ပါနေကုန်၏။ အချင်းယောကျာ်း သင် ပြုသင့်ပြုထိုက်သည်ကိုပြုလေလော့”ဟု ဆိုကုန်ရာ၏။
ရဟန်းတို့ ထိုအအခါ ထိုယောကျာ်းသည် လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သောပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့မှ ကြောက်လန့်သည် ဖြစ်၍ ရန်သူ လူသတ်သမားငါးဦးတို့မှ ကြောက်လန့်သည်ဖြစ်၍ ထိုထို ဤ ဤ ခြေဦးတည့်ရာ အရပ်သို့ ပြေးလေရာ၏၊ ထိုယောကျာ်းကို ဤသို့ဆို ကုန်ရာ၏—“အချင်းယောကျာ်း သင့်ကို တွေ့မြင်ရာအရပ်၌ ဦးခေါင်းကိုဖြတ်အံ့ဟု သင်၏ အတွင်းသူလျှိုဖြစ်သော ဤခြောက်ယောက်မြောက် လူသတ်သမားသည် သန်လျက်ကိုမြှောက်မိုး လျက် နောက်မှ နောက်မှ ထက်ကြပ်မကွာ လိုက်ပါနေကုန်၏။ အချင်းယောကျာ်း သင်ပြုသင့်ပြုထိုက်သည်ကို ပြုလေလော့”ဟု ဆိုကုန်ရာ၏။
ရဟန်းတို့ ထိုအခါ ထိုယောကျာ်းသည် လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သောပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့မှ ကြောက်လန့်သည်ဖြစ်၍ ရန်သူလူသတ်သမားငါးဦး တို့မှ ကြောက်လန့်သည်ဖြစ်၍ ခြောက်ယောက်မြောက် အတွင်းသူလျှိုသန်လျက်မိုးထားသော လူသတ် သမားမှ ကြောက်လန့်သည်ဖြစ်၍ ထိုထို ဤ ဤ ခြေဦးတည့်ရာ အရပ်သို့ပြေးလေရာ၏၊ ထိုသူသည် လူသူ ဆိတ်သုဉ်းသော ရွာကို မြင်၍ အကြင်အကြင်အိမ်သို့ ဝင်ငြားအံ့၊ တစ်စုံတစ်ခုမျှ မရှိသော အိမ်သို့သာ ဝင် မိရာ၏၊ အချည်းနှီးသော အိမ်သို့သာ ဝင်မိရာ၏၊ ဆိတ်သုဉ်းသော အိမ်သို့သာ ဝင်မိရာ၏။ အကြင်အကြင် အိုးခွက်ကို ကိုင်တွယ်ငြားအံ့၊ တစ်စုံတစ်ခုမျှ မရှိသော အိုးခွက်ကိုသာ ကိုင်မိရာ၏၊ အချည်းနှီးသော အိုးခွက် ကိုသာ ကိုင်မိရာ၏၊ ဆိတ်သုဉ်းသော အိုးခွက်ကိုသာ ကိုင်မိရာ၏၊ ထိုယောကျာ်းကို ဤသို့ ဆိုကုန်ရာ၏— “အချင်းယောကျာ်းယခုအခါ ရွာကို နှိပ်စက်ဖျက်ဆီးတတ်သော ခိုးသူတို့သည် ဤလူသူဆိတ်သုဉ်းသော ရွာသို့ဝင်လာကြကုန်၏၊ အချင်းယောကျာ်း သင် ပြုသင့်ပြုထိုက်သည်ကို ပြုလေလော့”ဟု ဆိုကုန်ရာ၏။
ရဟန်းတို့ ထိုအခါ ထိုယောကျာ်းသည် လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သောပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့မှ ကြောက်လန့်သည်ဖြစ်၍ ရန်သူလူသတ်သမားငါးဦး တို့မှ ကြောက်လန့်သည်ဖြစ်၍ ခြောက်ယောက်မြောက် အတွင်းသူလျှိုသန်လျက်မိုးထားသော လူသတ် သမားမှ ကြောက်လန့်သည်ဖြစ်၍ ရွာကို နှိပ်စက်ဖျက်ဆီးတတ်သောခိုးသူတို့မှ ကြောက်လန့်သည်ဖြစ်၍ ထိုထို ဤ ဤ ခြေဦး တည့်ရာ အရပ်သို့ ပြေးလေရာ၏၊ ထိုသူသည် ဤမှာဘက်ကမ်းသည် စိုးရိမ်ဖွယ်နှင့် တကွ ဘေးဘျမ်းနှင့် တကွ ဖြစ်၍ ထိုမှာဘက်ကမ်းကား စိုးရိမ်ဖွယ်မရှိ ဘေးဘျမ်း မရှိသော နက်ကျယ် သော ရေပင်လယ်ကြီးကို မြင်လေရာ၏၊ သို့သော်လည်း ဤဘက်မှထိုဘက်သို့ သွားရောက်ရန် ကူးခပ် နိုင်သော လှေလည်း မရှိ၊ တံတားလည်း မရှိ။ ရဟန်းတို့ ထိုအခါထိုယောကျာ်းအား ဤသို့ အကြံ ဖြစ်၏ — “ ဤကား နက်ကျယ်သော ရေပင်လယ်ကြီးတည်း၊ ဤဘက်ကမ်းသည် စိုးရိမ်ဖွယ်နှင့် တကွဖြစ်၏၊ ဘေးဘျမ်းနှင့် တကွဖြစ်၏၊ ထိုဘက်ကမ်းကား စိုးရိမ်ဖွယ်မရှိ၊ ဘေးဘျမ်း မရှိ၊ ဤဘက်မှ ထိုဘက်သို့ သွားရောက်ရန် ကူးခပ်နိုင်သော လှေလည်း မရှိ၊ တံတားလည်း မရှိ၊ ငါသည် မြက် ထင်း သစ်ခက် သစ်ရွက်ကို စုဆောင်း၍ ဖောင်ဖွဲ့ပြီးလျှင် ထိုဖောင်ကို့အမှီပြုကာ လက်ခြေတို့ဖြင့် လုံ့လပြုလျက် ချမ်းသာစွာ တစ်ဖက်ကမ်းသို့ သွားရမူ ကောင်းလေစွ”ဟုအကြံ ဖြစ်ရာ၏။
ရဟန်းတို့ ထိုအခါ ထိုယောကျာ်းသည် မြက် ထင်း သစ်ခက် သစ်ရွက်ကို စုဆောင်း၍ ဖောင်ဖွဲ့ပြီးလျှင် ထိုဖောင်ကို အမှီပြုကာ လက်ခြေတို့ဖြင့် လုံ့လပြုလျက် ချမ်းသာစွာ တစ်ဖက်ကမ်းသို့ သွားရာ၏၊ ကူးမြောက်ပြီးဖြစ်၍ တစ်ဖက်ကမ်းသို့ ရောက်ပြီးသော ဘေးရန်တို့ကို အပပြုပြီးသော သူမြတ်သည်ကြည်းကုန်းထက်၌ တည်၏။
ရဟန်းတို့ ငါဘုရားသည် အနက်အဓိပ္ပါယ်ကို သိလွယ်စေရန် ဤဥပမာကို ပြုအပ်ပြီ၊ ဤဆိုလတ္တံ့သည်ကား ဤဆိုအပ်ပြီးသော ဥပမာစကား၌ အနက်အဓိပ္ပါယ်တည်း။ ရဟန်းတို့ “လျင်သော အဆိပ်ရှိကုန်သော ထက်သော အခိုးရှိကုန်သော ပြင်းထန်သော အဆိပ်ရှိကုန်သော မြွေလေးကောင်တို့”ဟူသော ဤအမည်သည်ကား ပထဝီဓာတ်၊ အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်ဟူသော မဟာဘုတ်လေးပါးတို့၏ အမည်တည်း။
ရဟန်းတို့ “ရန်သူလူသတ်သမားငါးဦးတို့” ဟူသော အမည်သည်ကား ရူပုပါဒါနက္ခန္ဓာ၊ ဝေဒနုပါဒါနက္ခန္ဓာ၊ သညုပါဒါနက္ခန္ဓာ၊ သင်္ခါရုပါဒါနက္ခန္ဓာ၊ ဝိညာဏုပါဒါနက္ခန္ဓာဟူသော ဥပါဒါနက္ခန္ဓာငါးပါးတို့၏အမည်တည်း။
ရဟန်းတို့ “ခြောက်ယောက်မြောက် အတွင်းသူလျှို သန်လျက်မိုးထားသော လူသတ်သမား”ဟူသော ဤအမည်သည်ကား နှစ်သက်စွဲလမ်းမှု ‘နန္ဒီရာဂ’၏ အမည်တည်း။
ရဟန်းတို့ “လူသူဆိတ်သုဉ်းသော ရွာ”ဟူသော ဤအမည်သည်ကား အတွင်းဖြစ်သော တည်ရာ’အဇ္ဈတ္တိကာယတန’ တို့၏ အမည်တည်း။ ရဟန်းတို့ လိမ္မာသော ထက်မြက်သော ပညာရှိသူသည် ထိုခန္ဓာကောင်ကြီးကို မျက်စိအားဖြင့်လည်း ဆင်ခြင်ခဲ့မူ တစ်စုံတစ်ခုမျှ မရှိသည်ဖြစ်၍ သာ ထင်၏၊ အချည်းနှီးဖြစ်၍ သာ ထင်၏၊ ဆိတ်သုဉ်းသည်ဖြစ်၍ သာ ထင်၏။ပ။ ရဟန်းတို့ ထိုခန္ဓာကောင်ကြီးကို လျှာအားဖြင့်လည်း။ပ။ ရဟန်းတို့ လိမ္မာသော ထက်မြက်သော ပညာရှိသူသည် ထိုခန္ဓာကောင်ကြီးကို စိတ်အားဖြင့်လည်း ဆင်ခြင်ခဲ့မူ တစ်စုံတစ်ခုမျှ မရှိသည်ဖြစ်၍ သာ ထင်၏၊ အချည်းနှီးဖြစ်၍ သာ ထင်၏၊ ဆိတ်သုဉ်းသည်ဖြစ်၍ သာ ထင်၏။
ရဟန်းတို့ “ရွာကို နှိပ်စက်ဖျက်ဆီးသော ခိုးသူ” ဟူသော ဤအမည်သည် အပဖြစ်သော တည်ရာ’ဗာဟိရာယတန’ တရားခြောက်ပါးတို့၏ အမည်တည်း။ ရဟန်းတို့ နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အဆင်းတို့သည် မျက်စိကို နှိပ်စက်အပ်၏၊ ရဟန်းတို့ နားကို။ပ။ ရဟန်းတို့ နှာခေါင်းကို။ပ။ ရဟန်းတို့ နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အရသာတို့သည် လျှာကို နှိပ်စက်အပ်၏။ ရဟန်းတို့ ကိုယ်ကို။ပ။ ရဟန်းတို့နှစ်သက်ဖွယ် မနှစ်သက်ဖွယ် သဘောတရားတို့သည် စိတ်ကို နှိပ်စက်အပ်၏။
ရဟန်းတို့ “ရေပင်လယ်ကြီး”ဟူသော ဤအမည်ကား ကာမောဃ၊ ဘဝေါဃ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃဟူသော သြဃလေးပါးတို့၏ အမည်တည်း။
ရဟန်းတို့ “စိုးရိမ်ဖွယ်နှင့် တကွ ဘေးဘျမ်းနှင့် တကွဖြစ်သော ဤဘက်ကမ်း” ဟူသော ဤအမည်သည်ကား ထင်ရှားရှိသော ခန္ဓာကောင် ‘သက္ကာယ’၏ အမည်တည်း။
ရဟန်းတို့ “စိုးရိမ်ဖွယ် ကင်းရာ ဘေးမရှိရာ ထိုဘက်ကမ်း” ဟူသော ဤအမည်သည် (နိဗ္ဗာန်) ၏အမည်တည်း။ ရဟန်းတို့ “ဖောင်”ဟူသော ဤအမည်သည် မှန်ကန်စွာ မြင်ခြင်း ‘သမ္မာဒိဋ္ဌိ’။ပ။ မှန်ကန်စွာတည်ကြည်ခြင်း ‘သမ္မာသမာဓိ’ ဟူသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၏ အမည်တည်း။
ရဟန်းတို့ “လက်ခြေတို့ဖြင့် ထိုသူ၏ကြိုးစားမှု” ဟူသော ဤအမည်သည် လုံ့လကြိုးကုတ်အားထုတ်မှု၏ အမည်တည်း။
ရဟန်းတို့ “ကူးမြောက်ပြီးသည် ဖြစ်၍ တစ်ဖက်ကမ်းသို့ ရောက်သော ကြည်းကုန်းထက်၌ တည်သောသူမြတ်” ဟူသော ဤအမည်သည်ကား ရဟန္တာ၏ အမည်ပေတည်းဟု (မိန့်တော်မူ၏)။
ပဌမသုတ်။